နေပြည်တော်၊ မတ် ၁၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) သို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၏ သုတေသနအဆိုပြုလွှာများ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုအားပေးကာ နိုင်ငံ့ရေရှည်အကျိုးစီးပွား ဖော်ဆောင်နိုင်မည့် သုတေသနများကို ဆောင်ရွက်ရန်နှင့် ပြည်သူ့အကျိုးသယ်ပိုးနိုင်သော လူငယ်များ ဖြစ်အောင်ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဒေသတွင်းရှိ လူငယ်များနှင့် ပြည်သူများ ဘဝရပ်တည်ချက်ခိုင်မာရေးအတွက် လက်တွေ့ကျကျ အကျိုးပြုနိုင်မည့် သင်တန်းများကို စံနှုန်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ရန်မှာကြား၍ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဇီဝနည်းပညာသုတေသနဦးစီးဌာနသို့ ရောက်ရှိပြီး ဆေးပညာဆိုင်ရာ ဓာတ်ခွဲခန်းကို Biosafety Level 2 (BSL-2) အထိ အဆင့်မြှင့်တင်ဆောင်ရွက် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြား၍ သုတေသနဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းပြည် ရေရှည်ဖွံ့ဖြိုးမှုအနာဂတ်နှင့် တိုင်းသူပြည်သားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အကျိုးပြုနိုင်မည့် သုတေသနရလဒ်များကို အသုံးချနိုင်ရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း မှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသောသင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်ရန် မှာကြားပြီး ကျောင်းဝင်းအတွင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်ချက် တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဌာနအသီးသီးရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် တက္ကသိုလ်ဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဥ်