နေပြည်တော် သြဂုတ် ၁၄
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၌ သြဂုတ် ၇ ရက်က စတင်ကျင်းပခဲ့သည့် မိုးရာသီအားကစားပြိုင်ပွဲ၏ ဖူဆယ်ဘောလုံး(ကျား) ဗိုလ်လုပွဲကို ယနေ့ နံနက်ပိုင်းကကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲတွင် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာအသင်းနှင့် စက်မှုအင်ဂျင်နီယာအသင်းတို့ ယှဉ်ပြိုင်ကြရာ စက်မှုအင်ဂျင်နီယာ အသင်းက လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိသွားသည်။ ပြိုင်ပွဲအပြီး၌ အစိုးရစက်မှုလက်မှု သိပ္ပံ(နေပြည်တော်) မှ ကျောင်းသား၊ကျောင်းသူများက အဖွဲ့လိုက် Fitness Dance ဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေကြပြီး တိုက်ကွမ်ဒို သရုပ်ပြ ဖျော်ဖြေကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ကျောင်းအုပ်ကြီးက ဒိုင်များ၊ Fitness Dance အဖွဲ့နှင့် တိုက်ကွမ်ဒို သရုပ်ပြအဖွဲ့တို့ထံ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ တာဝန်ရှိသူများက ကြက်တောင် ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲများတွင် ဆုရအသင်းများကို ဆုများချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဖူဆယ်ဘောလုံး(ကျား)ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများ၊ တတိယဆုရ စက်မှုလယ်ယာနည်းပညာအသင်း၊ ဒုတိယဆုရ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ အသင်းနှင့် ပထမဆုရ စက်မှုအင်ဂျင်နီယာအသင်းတို့မှ ကျောင်းသားများထံ ဆုများချီးမြှင့်ပေးအပ်ကာ အသင်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
သတင်းစဉ်


