နေပြည်တော် မတ် ၁၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းကအစိုးရစက်မှုလက်မှု သိပ္ပံ(ရွှေပြည်သာ)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဒေသတွင်း MSME နှင့် စက်မှုဇုန်များရှိ ဒေသထွက်တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည့် လေ့ကျင့်ရေးဝန်းကျင်ကောင်းများကို ဖြည့်ဆည်းပေးရန်၊  ဆက်စပ်ဌာနများအပြင် ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး လုပ်ငန်းလိုအပ်ချက်တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်အတွက် နည်းပညာနှင့် သုတ၊ ရသစာအုပ်များကို ပေးအပ်လှူဒါန်းပြီး ပညာသင်နှစ်အလိုက် အင်ဂျင်နီယာ ဘာသာရပ်အလိုက် လက်တွေ့ခန်းများ၊ အလုပ်ရုံများတွင် လက်တွေ့လုပ်ငန်းများကို အုပ်စုဖွဲ့ကာ စိတ်ဝင်စား ထက်သန်စွာ ဆောင်ရွက်နေကြသော ကျောင်းသားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ကြည့်ရှုအားပေးကာ ကျောင်းသားများအတွက် ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်