နေပြည်တော် မေ ၁၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၈ ရက်က အစိုးရနည်းပညာကောလိပ် (မန္တလေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာဌာနများရှိ လက်တွေ့ခန်းများ၌ ကျောင်းသားများ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသားဘဝ လေ့ကျင့်ရရှိသော နည်းပညာကျွမ်းကျင်မှုများကို လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြရန် လိုအပ်သကဲ့သို့ ယခုလို အလေ့အကျင့်ကောင်းများကိုလည်း လုပ်ငန်းခွင်၌ ဆက်လက်ထိန်းသိမ်းပြီး ဒေသတွင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် အဓိက စွမ်းအားစုများအဖြစ် အတူတကွ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသတွင်းရှိ လူငယ်များနှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် လက်တွေ့ကျကျ အကျိုးပြုမည့် ပုံမှန်နှင့် ကာလတိုသင်တန်းများကို သတ်မှတ်စံနှုန်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ရန်၊ ဒေသတွင်း MSME များ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာများကို လက်တွေ့ကျကျ အသုံးချနိုင်ရေး ဆက်စပ် ဌာနများနှင့် ပူးပေါင်းမြှင့်တင်ဆောင်ရွက်ရန် မှာကြားပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ် (မန္တလေး) သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တိုင်းကျိုးပြည်ပြု မျိုးဆက်သစ်လူငယ် အင်ဂျင်နီယာကောင်းများကို စဉ်ဆက်မပြတ် ပျိုးထောင်ပေးသွားရန်၊ ထိုသို့ဆောင်ရွက်ရာတွင် နည်းပညာအရည်အသွေး ပြည့်မီရေးအပြင် ဗလငါးတန်နှင့် ပြည့်စုံသော လူ့စွမ်းအား အရင်းအမြစ်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ပြည်သူများကို အမှန်တကယ် အလုပ်ကျွေးပြုနိုင်သော စွမ်းရည်မြင့်နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး ကျင့်ကြံဆောင်ရွက်သွားရန်၊ Ranking မြင့် သုတေသနအခြေပြု တက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြား၍ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 
ထို့နောက် ဒုတိယဝန်ကြီးသည် တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် တက္ကသိုလ် ဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်