မကွေး ဖေဖော်ဝါရီ ၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့နယ်ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(စကု)သို့ ရောက်ရှိပြီး ဘာသာရပ်သင်ခန်းစာများကို အေးချမ်းပျော်ရွှင်ကာ စိတ်ပါဝင်စားစွာ သင်ကြားလျက်ရှိသော ကျောင်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သင်တန်းသားများအား နည်းပညာအရည်အသွေး ပြည့်ဝအောင် ပျိုးထောင်ပေးရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(မကွေး)သို့ ရောက်ရှိပြီး တွေ့ဆုံပွဲတွင် ဒုတိယပါမောက္ခချုပ်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြသလွန်စေတီတော်မြတ်ကြီး Website တည်ထောင်မှု၊ ဦးစီးဌာနနှင့် ဒေသတွင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်တို့ တည်ထောင်မှု၊ e-Government ဖွံ့ဖြိုးရေး ဆောင်ရွက်မှု၊ ပညာရေးဝန်ကြီးဌာနက ကျေးရွာပေါင်းနှစ်သောင်း၌ ဆောင်ရွက်မည့် စာတတ်မြောက်ရေး လှုပ်ရှားမှုအတွက် “ဝ၊ ထ၊ က၊ လ၊ သ” Mobile Application ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဒေသတွင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရင်း ဆရာများ၊ ကျောင်းသားများ၏ စွမ်းရည်များကို မြှင့်တင်ဆောင်ရွက်သွားရန် ကျောင်းသားများအား တိုင်းကျိုးပြည်ပြု IT ပညာရှင်ကောင်းများ ဖြစ်စေရေး ကြိုးပမ်းစွမ်းဆောင်ကြရန် မှာကြားပြီး တာဝန်ရှိသူများနှင့် ကျောင်းသားများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(မကွေး)သို့ ရောက်ရှိပြီး တွေ့ဆုံပွဲတွင် ဒုတိယပါမောက္ခချုပ်က ဇီဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် အခြားဒေသအကျိုး ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံတော်ရေရှည်အကျိုးစီးပွားကို လက်တွေ့ကျကျ ဖြစ်ထွန်းစေသည့် သုတေသနလုပ်ငန်းများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ကျောင်းသားများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တာဝန်ရှိသူများနှင့် ကျောင်းသားများအား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်သည်။
သတင်းစဉ်