နေပြည်တော် ဇူလိုင် ၃၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၈ က ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်၊ ဝါးခယ်မနှင့် အိမ်မဲမြို့တို့ရှိ စပါးခွံလောင်စာသုံး Gasifier စက်ရုံများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျိုက်လတ်မြို့ မြစ်ကမ်းဘေးရှိ မျိုးမြတ်မွန် ဆန်စက်၌ စပါးခွံလောင်စာသုံး ဓါတ်ငွေ့ထုတ်စက်ရုံ လည်ပတ်နေမှုနှင့် စီးပွားဖြစ် စပါးခွံလောင်စာတောင့် ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရွှေပြည်မိုး အဆင့်မြင့်ဆန်စက်၊ ဝါးခယ်မမြို့ရှိ တော်ဝင်(၂)ဆန်စက်၊ အိမ်မဲမြို့ရှိ သီရိဇေယျာအောင်ဆန်စက်တို့၌ ခေတ်မီစက်ကြီးများ အသုံးပြု၍ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး ဓါတ်ငွေ့ထုတ်စက်ရုံ လည်ပတ်နေမှု၊ စွန့်ပစ်ရေများကို ရေစစ်ကန်များဖြင့် သန့်စင်စွန့်ပစ်နေမှု၊ ထွက်ရှိလာသည့် ပြာနှင့် ကတ္တရာများ ဖယ်ရှားနိုင်မှု၊ အင်ဂျင်နှင့် ဒိုင်နမိုတပ်ဆင် အသုံးပြုမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီးက စီးပွားဖြစ် စပါးခွံလောင်စာတောင့် ထုတ်လုပ်မှုများနှင့် ဒေသရှိ Renewable ကုန်ကြမ်းများမှ ထုတ်ကုန်များကို ပြည်ပစျေးကွက်တွင် ထိုးဖောက်နေရာယူ နိုင်သည်အထိ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ရန် လိုအပ်ကြောင်းနှင့် လိုအပ်သည့် နည်းပညာများကို လွှဲပြောင်းပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်