နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၆ ရက်မွန်းလွဲပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ) သို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက် Quick Win ဖြစ်စေမည့် ဒေသတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် နည်းပညာများကို ဖြန့်ဝေပေးနိုင်ရေးနှင့် ကျွမ်းကျင်ပညာရှင်များကို စဉ်ဆက်မပြတ် မြေတောင်မြှောက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး သိပ္ပံလက်တွေ့ခန်းများ၌ ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့သင်ခန်းစာများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာနနှင့် မြို့ပြအင်ဂျင်နီယာဌာန အလုပ်ရုံများ၌ ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) သို့ရောက်ရှိကာ သင်တန်းအလိုက် ကွန်ပျူတာခန်းများတွင် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ တန်ဖိုးရှိသောအချိန်ကို အကျိုးရှိအောင် အသုံးချကြရန် မှာကြားသည်။

ထို့နောက် ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို တင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံ့အမျိုးသားရေး လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား ပါဝင်နိုင်မည့် IT နည်းပညာရှင်များကို အရည်အသွေးပြည့်မီစွာ ပျိုးထောင်ပေး နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ တိုးတက်မှုနှုန်း မြန်ဆန်နေသော IT ခေတ်တွင် နောက်ကျ မကျန်ရစ်အောင် နောက်ဆုံးပေါ် IT သုတေသနများကို ဆက်စပ်တက္ကသိုလ်များနှင့် ထိရောက်ပီပြင်စွာ ပူးပေါင်းဆောင်ရွက်ပြီး ရရှိသောရလဒ်များကို တိုင်းကျိုးပြည်ပြု စီမံကိန်းများအတွက် လက်တွေ့ကျကျ အသုံးချနိုင်အောင် အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် မကြာမီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲဝင် ကျောင်းသားများက ပြိုင်ပွဲနှင့်လေ့လာရေး အတွေ့အကြုံများကို တင်ပြကြပြီး ဒုတိယဝန်ကြီးက ထူးချွန်သူများကို ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာ အထက်တန်းကျောင်း (မိတ္ထီလာ) သို့ ရောက်ရှိပြီး စာကြည့်တိုက်နှင့် ကွန်ပျူတာခန်းတို့တွင် အေးချမ်းပျော်ရွှင်စွာ လေ့လာသင်ကြား လျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ ဗလငါးတန်နှင့်ပြည့်စုံသော ဒေသ အကျိုးပြု သက်မွေးပညာရှင်များ၊ နိုင်ငံ့သားကောင်း ရတနာများဖြစ်စေရေး ရည်မှန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာအချက်အလက်များကို တင်ပြရာ ဒုတိယဝန်ကြီးက ဒေသတွင်း ဖွံ့ဖြိုးရေး လိုအပ်ချက်နှင့်ကိုက်ညီပြီး လူငယ်များဘဝရပ်တည်ချက်ခိုင်မာ စေမည့် အလုပ်အကိုင် အခွင့်အလမ်းများကို မြန်ဆန်စွာ ဖော်ဆောင်ပေးနိုင်သည့် သင်တန်းများကို စံနှုန်းများနှင့်အညီ ဖွင့်လှစ်ရန်နှင့် လိုအပ်သည်များကိုမှာကြားပြီး ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ဂုဏ်ပြုလက်‌ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်