နေပြည်တော် ဖေဖော်ဝါရီ ၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်နည်းပညာရှင်များကို သတ်မှတ်စံနှုန်းများနှင့်အညီ ပျိုးထောင်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများရှိ အလုပ်ရုံများကို ကြည့်ရှုစစ်ဆေး၍ ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် ပံ့ပိုးပေးနိုင်သည့် သင်တန်းများ၊ လက်တွေ့လုပ်ငန်းများဖြင့် ရှင်သန်သက်ဝင်နေသော အလုပ်ရုံများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒေသတွင်းပြည်သူများ၏ ဘဝရပ်တည်မှု ခိုင်မာအားကောင်းစေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို လက်တွေ့ကျကျ ဖန်တီးနိုင်သော သင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်လေ့ကျင့်ပေးရန်၊ ပြင်ပလုပ်ငန်းခွင် အတွေ့အကြုံများကို သင်တန်းသားများ ကောင်းမွန်စွာ ရရှိစေရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ နည်းပညာကျွမ်းကျင်မှုအပြင် ကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက်နာသည့် လူငယ်ပညာရှင်များကို စနစ်တကျ မြေတောင်မြှောက်ပေးရန် တိုက်တွန်းပြောကြားပြီး တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများမှ အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို MSMEs စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးအထောက်အကူပြု လက်တွေ့လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်