နေပြည်တော် မတ် ၃၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာစည်သူကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ နှင့်အတူယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်နှင့် ဗလသိဒ္ဓိရပ်ကွက်တို့ရှိ အရာထမ်းများ အမှုထမ်းများ နေထိုင်ရာ ဝန်ထမ်းအိမ်ရာများတွင် စည်းကမ်းများနှင့်အညီ နေထိုင်မှုရှိ/မရှိကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးသည် အိမ်ရာကြီးကြပ်သူ တိုက်တာဝန်ခံများ၊ နေထိုင်သူ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော အိမ်ရာစည်း ကမ်းများအတိုင်း တိကျစွာ လိုက်နာနေထိုင်ရန်၊တိုက်ဝန်းကျင်ရှိ သစ်ပင်များကို အလင်းဖွင့်ရန်၊ လျှပ်စစ်အန္တရာယ် မရှိစေရေး အလေးထား သုံးစွဲရန်၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး စီမံချက်အတိုင်း ဆောင်ရွက်ရန်၊ အယ်လ်နီညိုဖြစ်စဥ်ရှိနေရာ ရေကိုစနစ်တကျ ချေတာသုံးစွဲကြရန်၊ မိလ္လာ၊ ရေဆိုး နုတ်စနစ်များ ကောင်းမွန်ရေးနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်း မွန်ရေးတို့အတွက် လိုအပ်သည်များ ပြုပြင်ဆောင်ရွက်ရန်။
လုံခြုံရေးအသိသတိရှိစွာ အိမ်ရာများတွင် မသက်ဆိုင်သူများ လာရောက် နေထိုင်ခြင်း မရှိစေရေး အထူးကြပ်မတ် ဆောင်ရွက်ရန်၊ ဧည့်သည်လာရောက်တည်းခိုပါက ဧည့်စာရင်းကို သက်ဆိုင်ရာ ရက်ကွက် အုပ်ချုပ်ရေးမှူးထံ မပျက်မကွက် တိုင်ကြားရန်၊ ဝန်ထမ်းအိမ်ရာ ပတ်ဝန်းကျင်၌ သန့်ရှင်းသပ်သာယာလှပ တင့်တယ်စေရေး အစဉ်အလေးထား ဆောင်ရွက်သွားရန် ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန် တိုက်တွန်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အိမ်ရာအလိုက် ဝန်ထမ်းမိသားစုများ၏ နေထိုင်မှုအခြေ အနေများကို မေးမြန်းကြည့်ရှုအားပေးပြီး ဝန်ထမ်းမိသားစုများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်