ဧရာဝတီ မတ် ၁၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၁၂ ရက်တွင် နည်းပညာတက္ကသိုလ်(ဟင်္သာတ)ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှု့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားထားရသော အင်ဂျင်နီယာများကို စဉ်ဆက်မပြတ် မွေးထုတ်သွားရန်၊ ခေတ်မီသင်ကြားသင်ယူစနစ်များဖြင့် လည်ပတ်ဆောင်ရွက်ရန်၊ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြား၍ ဆရာများနှင့် ကျောင်းသားများ၏ အခက်အခဲတင်ပြမှုများ အပေါ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ကာ ကျောင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်ကို စစ်ဆေးခဲ့ပြီး ခေတ်မီစာ ကြည့်တိုက်ဖြစ်စေရေးနှင့် ဆရာများ၊ ကျောင်းသားများ စာကြည့်တိုက်ကို ပိုမိုအသုံးပြုကြစေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အီလက်ထရောနစ်အင်ဂျင်နီယာ ဌာနတွင် ကျောင်းသားများက ပုံစံငယ်များ စမ်းသပ်တည်ဆောက်၍ သုတေသနပြုဆောင်ရွက်လျက်ရှိသော စက်မှုလုပ်ငန်းသုံး ထိန်းချုပ်စနစ်များ၊ ကွန်ပျူတာပရိုဂရမ်ထိန်းချုပ်ကိရိယာ(PLC)သုံး စက္ကူဖြတ်စက်နှင့် ထုပ်ပိုးစနစ်၊ အလိုအလျောက် ကော်ဖီဖျော်စက်၊ အာဒွီနိုသုံး Greenhouse စောင့်ကြည့်ထိန်းချုပ်စနစ်နှင့် ရေအရည်အသွေး စမ်းသပ်စနစ်များကို လည်းကောင်း၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာနရှိ စက်ထိန်းချုပ်ရေး လက်တွေ့ခန်းများကို လည်းကောင်း၊ မြို့ပြအင်ဂျင်နီယာဌာနရှိ Fluid Lab နှင့် Water Resource Lab များကိုလည်းကောင်း၊ စက်မှုအင်ဂျင်နီယာဌာနရှိ Strength Lab ကိုလည်းကောင်း လှည့်လည်စစ်ဆေးပြီး လိုအပ်သော လက်တွေ့ကိရိယာများအား ဖြည့်ဆည်း ထားရှိရန်၊ အရည်အချင်းရှိသော ကျောင်းသားများကို စနစ်တကျ မြေတောင်မြှောက်ပေးရန်၊ ဆန်းသစ်တီထွင်မှုများ မြင့်မားလာစေရေးနှင့် ပြည်သူ့လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEလုပ်ငန်းများတွင် သုတေသန ရလဒ်များအား အကျိုးရှိစွာ အသုံးချနိုင်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်