နေပြည်တော် မတ် ၁၂
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၉ ရက် နံနက်ပိုင်းတွင် နည်းပညာ တက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျောင်းသားများကို ဗလ ငါးတန်နှင့် ပြည့်စုံရေး၊ အင်ဂျင်နီယာ၏ အရည်အချင်းများ ပြည့်ဝစေရေး အလေးထား ပျိုးထောင်ပေးရန်၊ သီလဝါအထူး စီးပွားရေးဇုန်နှင့် MSME ဖွံ့ဖြိုးရေးနည်းပညာ လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရေးအတွက် University-Industry Collaboration မြှင့်တင်ဆော င်ရွက်ရင်း Ranking မြင့် နည်းပညာတက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပင်မစာသင်ဆောင်၌ ကျောင်းသားများကို ရင်းရင်းနီးနှီး တွေ့ဆုံနှုတ်ဆက်၍ စာကြည့်တိုက်၌ လေ့လာဖတ်ရှုလျက်ရှိကြသည့် ကျောင်းသားများကို နှုတ်ဆက်အား ပေးကာ ကျောင်းသားများထံ သုတ၊ ရသ စာအုပ်များကို ပေးအပ်လှူဒါန်း၍ အဆောင်များကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူများ၏ လူမှုဘဝမြင့်မားရေးကို တိုက်ရိုက်အကျိုး ဖြစ်ထွန်းစေမည့် MSME ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် နည်းပညာများကို ဖြန့်ဝေပေးနိုင်ရေးနှင့် ကျွမ်းကျင်နည်းပညာရှင်များကို သတ်မှတ်စံနှုန်းများအတိုင်း စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး အလေးထား ဆောင်ရွက်ရန် တိုက်တွန်းမှာကြားကာ ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ အခက်အခဲ တင်ပြမှုများ အပေါ် ဖြေရှင်းဖြည့်ဆည်းပေးပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပင်မစာသင်ဆောင်ရှိ Book Corner တွင် လေ့လာ ဖတ်ရှုလျက်ရှိကြသည်။ ကျောင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ တင်ပြမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပင်မစာသင်ဆောင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာန အသီးသီးရှိ အလုပ်ရုံများတွင် ကျောင်း သားများ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လျှပ်စစ်သုံးယာဉ်အပါအဝင် သုတေသန ပရောဂျက်ဆောင်ရွက်နေမှု အခြေအနေများနှင့် ရလဒ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်