နေပြည်တော် ဇန်နဝါရီ ၂၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းတွင် ပြင်ဉီးလွင်မြို့ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၌ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ နိုင်ငံ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အားထားရသည့် နည်းပညာရှင် လူငယ်ကောင်းများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ပြောင်းလဲ တိုးတက်နေသော နည်းပညာအရွေ့နှင့်အတူ လိုက်ပါနိုင်ရေး အလေးထား ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူများ၏ သုတေသန Project Show ကို ကြည့်ရှုအားပေးကာ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု သုတေသန စီမံကိန်းများဖြင့် ရှင်သန်သက်ဝင်လျက်ရှိသော သုတေသနအခြေပြု နည်းပညာ တက္ကသိုလ်ဖြစ်စေရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်တွင်း/ပြည်ပ နည်းပညာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မှာကြားသည်။
ဇန်နဝါရီ၁၈ရက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ် (မန္တလေး)သို့ ရောက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြသော ကျောင်းသား၊ကျောင်းသူများကို ကြည့်ရှုအားပေးကာ စာကြည့်တိုက်နှင့် ကျောင်းဝန်းအတွင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သို့ ရောက်ရှိပြီး ဆောင်းရာသီ ဘောလုံးအားကစားပြိုင်ပွဲ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနအသင်းနှင့် မြို့ပြအင်ဂျင်နီယာဌာနအသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေး၍ တက္ကသိုလ်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်း အဝေးခန်း၌ ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားကြောင်း သိရသည်။
သတင်းစဉ်