နေပြည်တော် အောက်တိုဘာ ၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၂၉ ရက်က ပြင်ဦးလွင်မြို့ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)သို့ ရောက်ရှိပြီး သတင်အချက်အလက်သိပ္ပံဌာန၊ အီလက်ထရောနစ် အင်ဂျင်နီယာမဟာဌာန၊ တိကျစက်ပစ္စည်းထုတ်လုပ်မှု အင်ဂျင်နီယာမဟာဌာန၊ အဆင့်မြင့်ဒြပ်ပစ္စည်းအင်ဂျင်နီယာ မဟာဌာန တို့မှ ခင်းကျင်းပြသထား သည့် သုတေသန လုပ်ငန်းများ၏ ရလဒ်များနှင့် ကွန်ပျူတာအင်ဂျင်နီယာဌာန၊ e-learning Center ရှိ Multimedia Stereo Room တို့ကို ကြည့်ရှုစစ်ဆေး ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သုတေသနရလဒ်များမှ အကျိုးကျေးဇူးများကို ပြည်သူများ ရရှိနိုင်စေရေးအတွက် ပြင်ဦးလွင်မြို့ရှိ MSME များဖွံ့ဖြိုးအောင် လက်တွေ့ကျကျ အသုံးချနိုင်ရေး ဆက်စပ်ဌာနများ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြှင့်တင်ဆောင်ရွက်ရန်၊ Smart City နှင့် Eco-Tourism အပါအဝင် ဒေသအကျိုးပြု စီမံကိန်းများနှင့် ကိုက်ညီသော နည်းပညာသုတေသန လုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားရန်၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် နည်းပညာများ မျှဝေဖလှယ်ရန်၊ Online သင်ခန်းစာများ ပို့ချရန်အပြင် ပြည်သူလူထုထံ နည်းပညာဖြန့်ဝေရေးနှင့် အသိပညာပေးရေး လုပ်ငန်းများ ထိရောက်ပီပြင်စွာ မြှင့်တင်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနကွပ်ကဲမှုအောက် ဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ် (၁၀ဝ)ပြည့်အထိမ်းအမှတ်  ဂုဏ်ပြုအခမ်းအနား အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)