နေပြည်တော် စက်တင်ဘာ ၂၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (West Yangon Technological University-WYTU) သို့ ရောက်ရှိပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အဓိပတိလမ်းမကြီးတွင် အရိပ်ရပင်များ၊ ပလက်ဖောင်းနှင့် လမ်းမီးတိုင်များဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ Master Plan ရေးဆွဲထားမှု အခြေအနေ၊ စာသင်ဆောင်များ၊ အားကစားပြုလုပ်ရာနေရာများ၊ အပန်းဖြေရန်နေရာများ၊ ကျောင်းသားအိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ ယာဉ်ရပ်နားရန် နေရာများနှင့် Drainage System ဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ ပင်မသုံးထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းနှင့် Multipurpose Hall Structure System တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လှိုင်မြို့နယ်ရှိ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်သို့ရောက်ရှိပြီး ပင်မဆောင်တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ လုပ်ငန်းများဆောင်ရွက်ပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) တွင် တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် သက်မွေးပညာရှင်များကို စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး စာသင်ခန်းများ၊ အလုပ်ရုံများ၌ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


