နေပြည်တော် အောက်တိုဘာ ၂၂

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်း၌ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

 

တွေ့ဆုံစဥ် တက္ကသိုလ် Master Plan အတိုင်းဆောင်ရွက်မှု၊ ပြည်တွင်းနှင့် နိုင်ငံတကာ သုတေသန ပရောဂျက်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအခြေအနေ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည် များ ဖြည့်စွက်မှာကြားကာ လိုအပ်မှုအခက်အခဲတင်ပြချက်များအပေါ် ဖြေရှင်းဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေး တစ်တပ်တစ်အား အထောက်အကူပြုမည့် အရည်အသွေးစံမီ လူငယ် IT ပညာရှင်ကောင်း များကိုမွေးထုတ်ပေးရန်၊ တိုးတက် ပြောင်းလဲမှု မြန်ဆန်နေသော Digital Transformation ဆိုင်ရာ IT နည်းပညာအရွေ့တို့နှင့်အတူ အမီလိုက် ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ Smart Agriculture Cyber Security၊ E-commerce နှင့် Industrial Engineering တို့တွင် AI (Artificial Intelligence)ကို လက်တွေ့ကျကျ အသုံးချနိုင်ရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်၊ ပြည်သူများကို အမှန်တကယ် အလုပ်ကျွေးပြုနိုင်သော စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး အလေးထားကျင့်ကြံဆောင်ရွက်သွားရန် တိုက်တွန်းမှာ ကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် Lab ခန်းများတွင် IT သုတေသနပရောဂျက် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ အားကစားခန်း၊ ကျောင်းသားအိပ်ဆောင်သစ်နှင့် တက္ကသိုလ် ဥပဓိရုပ်တင့်တယ်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ ပြည်သူ့အကျိုးသယ်ပိုး နိုင်မည့် ထူးခွန်ထက်မြက်ကာ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ပျိုးထောင်ပေးနိုင်ရေး အတွက် ဝန်းကျင်ကောင်းများ ဖော်ဆောင်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)