ရန်ကုန် မတ် ၂၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်း များနှင့် တွေ့ဆုံကာ သုတေသနရလဒ်များနှင့် နည်းပညာများကို ဆက်စပ်ဌာနများ၊ ပြည်သူများနှင့် လုပ်ငန်းရှင်များထံ လွှဲပြောင်းဖြန့်ဝေမှုများကို တိုးမြှင့်ဆောင်ရွက်ရန်၊ လန်ချန်း-မဲခေါင် စီမံကိန်းအပါအဝင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်း ရေးဆောင်ရွက်ရန်၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာ စီမံကိန်း(၂၀၂၂-၂၀၂၇)ပါ ရည်မှန်းချက် ပန်းတိုင်များပြည့်မီစေရေးအတွက် ဆက်လက်ကြိုး ပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် နိုင်ငံခြားပညာတော်သင် သင်တန်းများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများက အတွေ့အကြုံများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ဝန်ထမ်းများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် နိုင်ငံတော်၌ ဆိုလာစွမ်းအင်အသုံးပြုမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရန်ရည်ရွယ်၍ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ စီမံကိန်း(၂၀၂၂)ဖြင့် တည်ဆောက်နေသော အမျိုးသားအဆင့် Solar PV Exhibition စင်တာ၊ Technology Transfer Accelerator Hub ရှိ ဆိုလာအသေးစား လျှပ်စစ်ဓာတ်အားကွန်ရက် စနစ်နှင့် လေ့ကျင့်ရေးစင်တာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အမျိုးသားဓာတ်ခွဲခန်းများကို လှည့်လည်ကြည့်ရှုကာ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရှိရေး ဆောင်ရွက်ရန်မှာကြားပြီး တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(မြန်မာ)ရှိ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိရန် ဆောင်ရွက်လျက်ရှိသည့် ဖိအားတိုင်းတာဓာတ်ခွဲခန်း (Pressure Laboratory)နှင့် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO/IEC 17025) ရရှိပြီးသော ဒြပ်ထုတိုင်းတာဓာတ်ခွဲခန်း (Mass Laboratory)တို့မှ တိုင်းတာရေး ပစ္စည်းကိရိယာများနှင့် Dimensional Laboratory တွင် တရုတ်-မြန်မာ ပူးတွဲသုတေသန လုပ်ငန်းစီမံကိန်းမှ ရရှိခဲ့သည့် တိုင်းတာရေးပစ္စည်းကိရိယာများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါဦးစီးဌာန၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ချက်များမှာ- MSME လုပ်ငန်းများဆိုင်ရာ အသုံးချနည်းပညာ လွှဲပြောင်းမှု ၃၇ ခု၊ အသုံးချနည်းပညာဖြန့်ဝေဆွေးနွေးပွဲ ၂၇ ကြိမ် ၊ အသုံးချနည်းပညာ သင်တန်း ၃၁ ခုမှ သင်တန်းသား ၇၇၁ ဦးနှင့် စံချိန်စံညွှန်းသင်တန်း ၁၀ ခုမှ သင်တန်းသား ၈၃၆ ဦး တို့ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် စံတိုင်းတာရေးဆိုင်ရာ ဓာတ်ခွဲဝန်ဆောင်မှုများမှ ရရှိငွေ စုစုပေါင်းငွေကျပ် ၄၀၀ ဒသမ ၈၀၁၅ သန်းကို နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းနိုင်ခဲ့သည်။ ထို့အပြင် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ လက်တွေ့ကျွမ်းကျင်သင်တန်းများကို ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ စုစုပေါင်း သင်တန်း ၂၇ ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်း ၈၆၅ ဦးရှိပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်မှစတင်၍ မြန်မာ စံချိန်စံညွှန်း များကို ချမှတ်နိုင်ခဲ့ရာ ချမှတ်ပြီး မြန်မာစံချိန်စံညွှန်း ၈၁၉ ခု ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်