နေပြည်တော် မတ် ၁၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် မတ် ၁၃ ရက် နံနက်ပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်  (ဘယ်လင်း)တွင် တာဝန်ရှိသူများ၊ သင်တန်းသားများနှင့် တွေ့ဆုံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဌာနများတွင် အမှန်တကယ် အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာ MSMEs များ၊ အထူးစီးပွားရေး ဇုန်များဖွံ့ဖြိုး ရန်တို့အတွက် ခေတ်မီနည်းပညာများ စနစ်တကျ အသုံးချနိုင်ပြီး အရည်အချင်းပြည့်ဝ သော နည်းပညာရှင်များကို လိုအပ်သဖြင့် ဤကောလိပ်တွင် စွမ်းရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်အထိ သင်တန်းသားဉီးရေ ၉၅၃၉ ဉီးအထိ လေ့ကျင့် သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားပြီး အဆိုပါကောလိပ်ကျောင်းအုပ်ကြီးနှင့် သင်တန်းသားများကို ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လ္ဘက်ရည်ဝိုင်းတွင် သင်တန်းသားများကို တစ်ဉီးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများတွင် သင်တန်းသားများ စိတ်ပါဝင်စားစွာ လေ့ကျင့် သင်ကြားနေကြသည်များကိုလှည့်လည်ကြည့်ရှုအားပေး၍ သင်တန်းများမှ လေ့လာသိရှိခဲ့သည်များကို လုပ်ငန်းခွင် များတွင် အကျိုးရှိရှိ အသုံးချကာ ဆင့်ပွားမျှဝေပေးရန်၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် မိမိတို့၏ နည်းပညာ စွမ်းရည်များဖြင့် အလုပ်အကျွေးပြုနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆန်းစစ်မွမ်းမံသွားရန် လိုအပ်ကြောင်း တိုက်တွန်း မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် EV အလုပ်ရုံကို ကြည့်ရှုစစ်ဆေးကာ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ သုတေသနဖွံဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန်၊ယနေ့ခေတ်၌ ဖွံ့ဖြိုးပြောင်းလဲမှု မြန်ဆန်လျက်ရှိသော EV နည်းပညာအရွေ့များအတိုင်း အမီလိုက်ပါကာ အရည်အသွေးစံနှုန်းများအတိုင်း ကျွမ်းကျင် တတ်မြောက်စေရေး လေ့ကျင့်သင်ကြားပေးနိုင်ရေးနှင့် EV သုံးစွဲသူ ပြည်သူများ အပါအဝင် EV Stakeholders များ၏ လက်ဝယ်အရောက် သက်ဆိုင်ရာ EV နည်းပညာများကို ထိရောက်ပီပြင်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်