နေပြည်တော် ဇူလိုင် ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးတိုက်နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မျိုးဘဲမွေးမြူရေးခြံ(ဘုရားကြီး)၌ ကာကီကင်းဥစားဘဲ (၃၇၀၀)ကျော် မွေးမြူထားရှိမှု၊ မျိုးထိန်းမျိုးပွားခြင်းလုပ်ငန်းနှင့် မျိုးဘဲဥသားဖောက်စက်များကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဒေသအတွင်း ဥစားဘဲမျိုးသားပေါက်များ ဖြန့်ဖြူးရေးတိုးမြှင့်ဆောင်ရွက်ရန်နှင့် စီးပွားဖြစ်မွေးမြူရေးတောင်သူများ တိုးပွားလာစေရေး မွေးမြူရေးနည်းပညာ နှီးနှောဖလှယ်ပွဲများ၊ ပညာပေးသင်တန်းများ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးမြို့နယ်၊ ဘုရားကြီးတိုက်နယ်ရှိ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်း (အောက်မြန်မာပြည်) ၏ သင်တန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများနှင့်တွေ့ဆုံ၍ ကုန်ကျစရိတ်သက်သာစွာ သီးထပ်သီးနှံများကို ရာသီအချိန်မီစိုက်ပျိုးနိုင်ရေး၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ပြီး တောင်သူများ ဝင်ငွေပိုမိုရရှိရေး၊ လယ်ယာသုံးစက်ကိရိယာများ ရင်းနှီးမြုပ်နှံမှုနှင့် ထိုက်တန်သည့် အကျိုးစီးပွားရရှိစေရန် စက်ကိရိယာများကို စွမ်းအားပြည့်အသုံးပြုနိုင်ရေး ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အမြန်လမ်း(၃၆/၄)မိုင်ရှိ 3 Red Stars ကုမ္ပဏီလီမိတက်၏ ရော်ဘာခင်း (၁၁၅)ဧကအကြား ရိုဘတ်စတာကော်ဖီ (၂၁၇)ပင် စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးမြင့်မားသည့် ကော်ဖီထုတ်လုပ်နိုင်ရေးနှင့် အနီးဝန်းကျင်ရှိ လုပ်ကွက်ငယ်တောင်သူများကို လက်တွဲခေါ်ယူပြီး ကော်ဖီထုတ်လုပ်သည့်ဒေသ အဖြစ်ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှာကြားသည်။
သတင်းစဉ်


