နေပြည်တော် ဩဂုတ် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်ရရှိရေး၊ သီးထပ်စွမ်းအားတိုးတက်ရေး၊ အသားနှင့် ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသအလိုက် စားရေရိက္ခာ ဖူလုံစေရေးအတွက် စီမံဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ စက်မှုကုန်ကြမ်းသီးနှံ ဝါနှင့်ကော်ဖီ လျာထားဧကပြည့် စိုက်ပျိုးနိုင်ရေး ဆွေးနွေးပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အမရပူရမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန နတ်ရေကန် ငါးလုပ်ငန်းစခန်းသို့ သွားရောက်ပြီး စခန်း၌ မျိုးငါးများမွေးမြူထားရှိမှု၊ ဘဏ္ဍာနှစ်အလိုက် ငါးမျိုးထုတ်လုပ်မှု၊ ငါးမျိုးရောင်းချမှုနှင့် ငါးမျိုးစိုက်ထည့်ထားရှိမှုကိုလည်းကောင်း၊ ပြည်ပပို့ကုန် အရည်အသွေးစစ်ဆေးရေး (ဓါတ်ခွဲခန်း)မှ ဓါတ်ခွဲစမ်းသပ်စစ်ဆေး၍ နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိသော ရေထွက်ကုန်များကို စားသုံးသူများဘေးအန္တရာယ်ကင်းသော အစားအစာဖြစ်ကြောင်း ကျန်းမာရေးအာမခံချက် (Health Certificate) ထုတ်ပေးနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် ဆည်ရွာကျေးရွာရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း (မန္တလေး)၌ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် အရေးပါသော Salmonella, E.coli, Coliform, Staphylococcus aureus, Aerobic Plate Count တို့ကို စစ်ဆေးသည့် 3M Petrifilm နည်းပညာ ISO/IEC: 17025:2017 လက်မှတ်ရရှိရန် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အာဟာရပြည့်ဝသော စားရေရိက္ခာဖူလုံရေးအတွက် ပမာဏအမြောက်အမြား ထွက်ရှိနိုင်စေရန် မွေးမြူရေးနှင့် အသားကဏ္ဍထုတ်ကုန်များ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်မှုနှင့် တိရစ္ဆာန်ရောဂါရှာဖွေရေးလုပ်ငန်းများကို မျက်ခြေမပြတ်စောင့်ကြည့်လေ့လာ၍ ကြိုတင်ကာကွယ်နိုင်ရေး ဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် ဆူးဖြူကွယ်ကျေးရွာရှိ မွေးမြူရေး တောင်သူ ဦးအောင်မြင့်၏ ဆိတ်မွေးမြူရေးခြံ၌ ဂျိတ်နီဆိတ်မျိုး အကောင်ရေ (၂၅၀၀) မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး မွေးမြူရေးတိရစ္ဆာန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


