နေပြည်တော်၊ ဒီဇင်ဘာ (၂၇)

 

ရင်းနှီးမြုပ်နှံမှု စွမ်းအားရှိသည့် လုပ်ငန်းရှင်ကြီးများအနေဖြင့် ကုန်ကြမ်းများ ထုတ်လုပ်တင်ပို့ခြင်းမှ တန်ဖိုးမြှင့် ကုန်ချောများအဖြစ် တိုးတက်ထုတ်လုပ် ရောင်းချနိုင်ရေးနှင့် လုပ်ကွက်ငယ် တောင်သူများအား လက်တွဲခေါ်ယူ၍ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍကြီး တစ်ခုလုံး အရှိန်အဟုန် ကောင်းစွာဖွံ့ဖြိုးတိုး တက်လာရေးတို့အတွက် ကြိုးပမ်းကြစေလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

 

ဒီဇင်ဘာ (၂၅) ရက်က ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ရှိ ပုဂ္ဂလိက နို့စားနွားမွေးမြူရေးလုပ်ငန်း၏ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုများကို ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မအူပင်မြို့နယ် တလုပ်လှငါးလုပ်ငန်းစခန်း၏ ရေချိုငါးမျိုးများ ဆေးထိုးသားဖေါက် မွေးမြူထားရှိမှုနှင့် ကောင်းမွန်သည့် ငါးမွေးမြူရေးကျင့်စဉ် (GAqP) ငါးမွေးမြူရေးကန်များနှင့် သဘာဝနည်း ဆေးထိုးသားဖေါက်နည်းဖြင့် ငါးသားဖောက်ခြင်း လုပ်ငန်းများနှင့် ငါးမွေးတောင်သူများအား ငါးမျိုးဖြန့်ဝေပေးနေမှုကို လည်းကောင်း၊ ဝါးတောကျေးရွာရှိ တောင်သူဦးလှဝင်း၏ လယ်မြေ၌ မျိုးစေ့ထုတ် နွေစပါးစိုက်ပျိုးရန် ဘောင်စနစ်ဖြင့် ပျိုးထောင်နေမှုများကိုလည်းကောင်း၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာအုပ်စု၊ ပဲရုံဆိပ်ကျေးရွာရှိ ပုဂ္ဂလိက နို့စားနွားမွေးမြူရေးခြံမှ နို့နှင့်နို့ထွက်ပစ္စည်း ကုန်ချောထုတ်လုပ်နေမှုကိုလည်းကောင်း၊ ပန်းတနော်မြို့နယ်၊ မိုးကုတ် ဒီးဒုတ်ရေနက်ကွင်းတွင် ဆောင်ရွက်နေသည့် အသားတိုး ငါးဒန်သားပေါက် မွေးမြူရေး အစာထုတ်လုပ်ခြင်း၊ ငါးအသားလွှာ ပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းများကို လည်းကောင်း ကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် အင်္ဂပူမြို့နယ်၊ တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံသို့ ရောက်ရှိပြီး တမံအတွင်း ကန်ရေပြည့် သိုလှောင်ထားရှိမှုနှင့် ရေအသုံးချသူများအဖွဲ့ (WUG) များ ဖွဲ့စည်း ဆောင်ရွက်နေမှုကို လည်းကောင်း ဟင်္သာတမြို့ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနပြတိုက်၌ပင် ဟင်္သာတခရိုင်အတွင်းရှိ တာတမံများပြပုံစံငယ်၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အထောက်အကူပြုပစ္စည်းများနှင့် နှစ်စဉ်မြစ်ရေကြီးမှု ကာကွယ်ရေး မှတ်တမ်းဓါတ်ပုံများကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဇလွန်မြို့နယ် မေရီလန်းကျေးရွာရှိ တောင်သူဦးမြင့်ဦး ၏ ပဲတီစိမ်း မျိုးစေ့ထုတ်စိုက်ခင်း၊ တောင်သူဦးမြသာ၏ ပဲတီစိမ်း၊ ပိုက်ဆံလျှော် သီးညှပ်စိုက်ခင်းနှင့် ပိုက်ဆံလျှော် မျိုးစေ့ထုတ် တောင်သူပညာပေး စံပြစိုက်ခင်းများနှင့် ဓနုဖြူမြို့နယ် ဇီးဖြူကုန်းကျေးရွာတောင်သူ ဦးသောင်းထွန်း၏ စီးပွားဖြစ် သင်္ဘောသီး စိုက်ခင်းကို ကြည့်ရှုအားပေးပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ ဈေးကွက်နှင့် အချိတ်အဆက်မိမိ ဆောင်ရွက်ရေး လိုအပ်ချက်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်