နေပြည်တော် နိုဝင်ဘာ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၌ ဘဲမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ကျည်တောင်ကျေးရွာအုပ်စု၊ ကံဦးကျေးရွာရှိ ဦးခိုင်ထွန်း၏ ဘဲမွေးမြူရေးခြံ၌ ဘဲမွေးမြူရေးလုပ်ကိုင်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကံဦးကျေးရွာရှိ ဦးခိုင်ထွန်း၏ ဘဲမွေးမြူရေးခြံအတွင်း ဘဲများမွေးမြူထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ရာ ဦးခိုင်ထွန်းက ဘဲခြံအတွင်းမွေး မြူထားမှုအခြေအနေများ၊ ခြံအတွင်း သန့်ရှင်းရေးနှင့် ဘဲများ ရောဂါပိုးကူးစက်မှု မရှိစေရေးအတွက် ပိုးသတ်ဆေးများ စနစ်တကျဖျန်းသည့် အခြေအနေများ၊ လက်ရှိအကောင်အရေထက် ထပ်မံတိုးချဲ့မွေးမြူသွားမည့်အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဆောင်ရွက်ရန် လိုအပ်ချက်များအား မှာကြားသည်။ ထို့နောက် ဇေယျာသီရိမြို့နယ်ရှိ ဘဲမွေးမြူရေး လုပ်ကိုင်သည့် ဦးခိုင်ထွန်း၊ ဦးဝင်းခိုင်နှင့် ဦးသန်းကျော်သူတို့က တိုးချဲ့မွေးမြူနိုင်ရေးအတွက် လိုအပ်ချက်များ တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ကဏ္ဍအလိုက် သက်ဆိုင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဇေယျာသီရိမြို့နယ်တွင် ဘဲမွေးမြူရေးလုပ်ကိုင်သည့် လုပ်ငန်းရှင် သုံးဦးရှိပြီး စုစုပေါင်း ဘဲကောင်ရေ ၁၄၀၀၀ ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ထွန်းလင်း(ဇေယျာမြေ)