စစ်တွေ ဇူလိုင် ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျွဲ၊ နွားများ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များပေးအပ်ခြင်း၊ ရေငန်ပုစွန် မွေးမြူရေး ဗဟိုသရုပ်ပြစခန်းနှင့် စစ်တွေမျိုးသန့်ခြံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေမြို့နယ် ကျက်တောပြင်ကျေးရွာ မူလတန်း ကျောင်းသို့ရောက်ရှိပြီး ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စိုက်ပျိုးရေး လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် အထောက်အပံ့များ ကူညီ ဖြည့်ဆည်းပေးရန် နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် တစ်သီးစားမှနှစ်သီးစား စိုက်ပျိုးနိုင်ရန်အတွက် နည်းပညာနှင့် မျိုးစေ့များကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများဝင်ငွေတိုးတက်ပြီး လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ မျိုးစပါးများ သယ်ယူဖြန့်ဖြူးပေး လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကူညီဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက တာဝန်ရှိသူများထံ ကျွဲနွားများအတွက် အားဆေးနှင့် ကုသဆေးဝါးများ၊ ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် အလှူငွေများပေးအပ်ပြီး ဒေသခံပြည်သူ များ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကာ ကျွဲနွားများကို ကာကွယ်ဆေးထိုးနှံနေမှုနှင့် စပါးခွံ၊ သစ်ရွက်ဆွေးနှင့် အီးအမ် အသုံးပြု၍ သဘာဝမြေသြဇာပြုလုပ်မှု လက်တွေ့သရုပ်ပြသနေမှုကို တောင်သူလယ်သမားများအား ရှင်းလင်းပြောကြား ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရေချမ်းပြင် ရေငန်ပုဇွန်မွေးမြူရေးဗဟို သရုပ်ပြစခန်းသို့ရောက်ရှိပြီး မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများ အမြန်ဆုံးပြန်လည်ပြင်ဆင်တည်ဆောက်ပြီး လုပ်ငန်းလည်ပတ်နိုင်ရေး အတွက် စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေကို ကြည့်ရှုစစ်ဆေး၍ ရေငန်ပုဇွန် သားပေါက်လုပ်ငန်းများ အမြန်ပြန်လည် လည်ပတ်နိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
အဆိုပါ စခန်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရေငန်ပုဇွန် သားပေါက် အကောင်ရေ ၃ ဒသမ ၂ သန်းမျိုးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အုန်းရည်ပေါ်ကျေးရွာရှိ တောင်သူဦးစောသိန်း ၏ သဘာဝပုဇွန်မွေးမြူရေးကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန(မျိုးစေ့ဌာနခွဲ) စစ်တွေ မျိုးသန့်ခြံသို့ ရောက်ရှိပြီး မုန်တိုင်းဒဏ်ခံ ပျိုးပင်အဖြစ် ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးနိုင်ရန် အုန်းပင်ပျိုးပေါက် ၁၃၀၀၀ ပျိုးထောင်ထားရှိမှု၊ ဟင်းသီးဟင်းရွက် မျိုးစေ့ ထုတ်လုပ်ရန် ပြင်ဆင်နေမှု၊ ပေါ်ဆန်းရင်၊ ဆင်းသွယ်လတ်နှင့် ဆင်းသုခမျိုးစပါးများ မျိုးစေ့ထုတ်ရန် ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်