နေပြည်တော် ဇန်နဝါရီ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်ရှိ မြေအသုံးချရေး ဌာနခွဲ၊ ပင်မဓာတ်ခွဲခန်း (ရန်ကုန်) ၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မြေနမူနာဓာတ်ခွဲစစ်ဆေးခြင်း၊ သွင်းရေနမူနာဓာတ်ခွဲ စစ်ဆေးခြင်း၊ မြေသြဇာ နမူနာဓာတ်ခွဲစစ်ဆေးခြင်း၊ အပင်နမူနာ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများမှ တွေ့ရှိချက်များကို အခြေခံသည့် လိုအပ်သော နည်းပညာပေးခြင်းနှင့် အသိပညာပေးခြင်းကို တပါတည်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ Global Soil Laboratory, National Soil Laboratory များနှင့် ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ဆောင်ရွက်ပြီး ကျွမ်းကျင်ဝန်ထမ်းများ စဉ်ဆက်မပြတ်စေရေး လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ချက်များ၊ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးမြင့်မားရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဆက်စပ်ဌာနများအကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရတနာသိင်္ဂီ စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်၊ ရေထွက်ပစ္စည်း ပြုပြင်အေးခဲခြင်းနှင့် အအေးခန်းစက်ရုံ၊ မြစ်နှစ်သွယ် ကုမ္ပဏီလီမိတက် အအေးခန်းစက်ရုံများ၏ ရေထွက်ပစ္စည်း ပြုပြင်အေးခဲခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် အအေးခန်းစက်ရုံမှ ငါးပုစွန် ပြုပြင်အေးခဲ ထုတ်လုပ်ပြီး ဒေသတွင်းနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ရန် ဆောင်ရွက်နေမှုတို့ကိုကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး စည်းဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် ငါးလုပ်ငန်းတာဝန်ရှိသူများကို တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းများကိုအခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားရေးဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှုအပေါ် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ချက်များ၊ ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အရည်အသွေး ပြည့်မီသော ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ရရှိရေးနှင့် စာရင်းအင်း ကိန်းဂဏန်းများကို တိတိကျကျ ကောက်ယူနိုင်ရေး၊ ဂေဟစနစ်ကို မထိခိုက်စေသော ငါးလုပ်ငန်း စီမံခန့်ခွဲမှုအား စနစ်တကျမြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စီမံခန့်ခွဲမှု ပိုမိုအားကောင်းလာစေရေး ဆောင်ရွက်ကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


