နေပြည်တော် ဖေဖော်ဝါရီ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)တွင် ပညာသင်ယူလျက်ရှိကြသည့် စတုတ္ထနှစ် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်က အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အားပေးမြှင့်တင် ဆောင်ရွက်ပေးနေမှု၊ မွေးမြူရေးကဏ္ဍ ပြောင်းလဲတိုးတက်ရေးအတွက် လူငယ်ပညာရှင်များ အခန်းကဏ္ဍ၏ အရေးပါမှု၊ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာ အားကောင်းစွာဖြင့် မိမိတို့ကိုယ်စီ၏ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်ရေး ကြိုးပမ်းသွားကြရန်၊ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့် ဆောင်ရွက်တတ်သည့် အလေ့အထ၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ပေါင်းသင်းဆက်ဆံတတ်သည့် အလေ့အကျင့်များကို ပညာသင်ကာလမှာပင် တစ်ပါတည်း ဖြည့်ဆည်းအားထုတ်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မွေးမြူရေးသုတေသနဦးစီးဌာန၊ မွေးမြူရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလမ်းညွှန်ချက်များနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးမှာကြားပြီး နည်းပညာပြန့်ပွားရေး ဝန်ထမ်းများနှင့် သုတေသီများ အပြန်အလှန်ပေါင်းကူး ဆက်စပ်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် မွေးမြူရေးသုတေသနဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသည့် အပင်နှင့် ငါး တွဲဖက်၍ ပတ်ဝန်းကျင်အကျိုးပြု မြေမဲ့စိုက်ပျိုးမွေးမြူရေးစနစ် (Aquaponics) သုတေသန ဆောင်ရွက်နေမှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
မွေးမြူရေးသုတေသနဦးစီးဌာန အနေဖြင့် အစာဆေးဝါး သုတေသန၊ ဇီဝမျိုးရိုး ငါးသုတေသန၊ နည်းပညာထုတ်ကုန် အသားသုတေသန၊ ရောဂါပိုးမွှား အသားသုတေသန၊ အပင်မျှောလှေးနှင့် သတ္တမျှောလှေး မျိုးသန့်ရရှိစေရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မွေးမြူရေး သုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေသြဇာ ထုတ်လုပ်ရေးသုတေသန၊ အပင်စွန့်ပြစ်ပစ္စည်းမှ တိရစ္ဆာန်အစာ သုတေသနလုပ်ငန်းများနှင့် သြဂဲနစ်စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်