နေပြည်တော် ဇူလိုင် ၂၂
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွေးမြူရေး သုတေသနဦးစီးဌာနကဖွင့်လှစ်သည့် “သုတေသနနည်းပညာ ဖွံ့ဖြိုးရေးသင်တန်း (နွားမေထုန်မဲ့သားစပ်နည်း) အမှတ်စဉ်(၁)" ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် သုတေသနနည်းပညာ ဖွံ့ဖြိုးရေးသင်တန်း၊ နွားမေထုန်မဲ့ သားစပ်နည်း အမှတ်စဉ် (၁) ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်း တင်ပြသည်။
သင်တန်းသို့ ဦးစီးဌာနများမှ အရာထမ်းအမှုထမ်း (၂၁) ဦး တက်ရောက်ကြပြီး သင်တန်းကို ဇူလိုင် (၂၂) မှ (၂၆) ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ၊ အပင်မျိုးရိုးဗီဇနှင့် မော်လီကျူလာ နည်းပညာဖြင့် မျိုးမွေးမြူရေးသုတေသနဌာနစုရှိ မော်လီကျူလာဓါတ်ခွဲခန်း၊ သဘာဝ အရင်းအမြစ်များ သုတေသနဌာနခွဲ ရေအသုံးချရေး သုတေသနဌာနစု ဓါတ်ခွဲခန်းများ၊ မွေးမြူရေးသုတေသနဦးစီးဌာန၏ ဒေသနွား မွေးမြူရေးခြံကိုလည်းကောင်း၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ်ခန်းမ ဆောက်လုပ်ပြီးစီးမှု၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် အိပ်ဆောင်များနှင့် ထမင်းစားဆောင်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကချင် ပြည်နယ်တို့တွင် ဆောင်ရွက်သည့် စပါးသီးနှံ ရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ခြင်းစီမံကိန်းအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ယာသီးနှံ သုတေသနဌာနခွဲ၊ ပဲမျိုးစုံ သီးနှံသုတေသနဌာနစုတွင် စိုက်ပျိုးထားရှိသော ပဲပုပ်မျိုး ရေဆင်း-၁၅ ဆင့်ပွားမျိုးစေ့ မျိုးသန့်ပွားများနေမှုကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်


