နေပြည်တော် စက်တင်ဘာ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယမန်နေ့က မန္တလေးတိုင်းဒေကြီးအတွင်းရှိ ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 ဦးစွာ ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ ကျောက်ဖြူကုန်း ကျေးရွာအုပ်စု မွေးမြူရေး တောင်သူ ဦးမျိုးသန့် နှင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ ဂျိတ်နီ၊ ထိန်စန်းဆိတ်မျိုးများနှင့် သိုးမွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးပြီး ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မွေးမြူရေးလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံမှုမြှင့်တင် ဆောင်ရွက်နိုင်မှု အခွင့်အလမ်း များနှင့် မွေးမြူရေးအခြေခံ တန်ဖိုးမြင့်ကုန်ချောများ တိုးတက်လုပ်ကိုင်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ကန်ဦးကျေးရွာအနီး မွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်မည့် လျာထားမြေနေရာကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံတွင် မွေးမြူရေးလုပ်ငန်းရှင် များနှင့်တွေ့ဆုံ၍ မွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အလားအလာကောင်းသည့် မန္တလေးတိုင်းဒေသကြီးအတွင်း သိုး၊ ဆိတ်၊ နို့စားနွား၊ ဝက်မွေး မြူရေး၊ ဥစားကြက်၊ အသားစားကြက် မွေးမြူရေး လုပ်ငန်းများကို ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ် GAHP- ဂျီအေအိပ်ပီ နှင့်အညီ မွေးမြူထုတ်လုပ်မှု  အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြုပ်နှံသူများက ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝမ်းတွင်းမြို့နယ် ရာသင်္ချာကျေးရွာအုပ်စု ကျားသေကန်ကျေးရွာ မွေးမြူရေးတောင်သူ ဦးမြင့်ခိုင် ၏ အသားတိုးကြက် မွေးမြူရေးခြံ နှင့် ခေတ်တောက်ထွန်း ကုမ္ပဏီလီမိတက် မွေးမြူရေးအစာစပ်စက်ရုံတို့ကို ကြည့်ရှု အားပေး၍ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန စွန်ရဲအင်း စိုက်ကွင်းသို့ရောက်ရှိပြီး စွန်ရဲအင်းဒေသ မွေးမြူရေးဇုန်တည်ထောင်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စဉ့်ကိုင်မြို့နယ်၊ အုန်းပင်ခြံကျေးရွာ Fun Hwa Group နို့စားနွားမွေးမြူရေးခြံ၏ နို့စားနွားများမွေးမြူထားရှိမှုနှင့် ဒိန်ချဉ်၊ နို့အေး  စက်ရုံကိုလည်းကောင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်(စက်ကွေ့)ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေနေရာကို ပုဂ္ဂလိကကုမ္ပဏီက ငှားရမ်းအသုံးပြုထားသော ယာယီသိုလှောင်ရုံနှင့် မျိုးစပါးထုတ်လုပ်မှုလုပ်ငန်း ၊ ဂျစ်ပဆန် ကျောက်မှုန့် မြေသြဇာ ထုတ်လုပ်မှုလုပ်ငန်းများ ကိုလည်းကောင်း၊ အမရပူရမြို့နယ်၊ နတ်ရေကန်ငါးလုပ်ငန်းစခန်း၏ ငါးမွေးမြူရေးနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်နေမှု၊ ငါးမျိုးသားဖောက်ခြင်း၊ ပြုစုခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်