နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းများနှင့် မွေးမြူရေးသုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာ မွေးမြူရေး တောင်သူများ၊ ဝန်ကြီးဌာနနှင့် စီပီကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သော အဆင့်မြင် မွေးမြူရေးခြံ (၈) ခြံ၌ အသားတိုးဝက် အကောင် (၄၈၀၀) မွေးမြူထားရှိမှု၊ ဇီဝလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ ဝက်ချေးမှ ဘိုင်အိုဂက် (စ်) ထုတ်လုပ်၍ မွေးမြူရေး လုပ်ငန်းသုံး လျှပ်စစ်ထုတ်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အစာကျွေးမွေးမှု၊ အာဟာရ ပြည့်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများကို မွေးမြူထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ချက်များ၊ ခိုင်မာသောဈေးကွက်ဖော်ဆောင်နိုင်ရန်နှင့် ရှိပြီးစျေးကွက်ခိုင်မာရေးကို ဂရုပြုဆောင်ရွက်ရန် လိုအပ်ချက်များ၊ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ဌာန၊ တောင်သူနှင့် ပုဂ္ဂလိကတို့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ဂေဟစနစ် ထိမ်းသိန်းရေးနှင့် မွေးမြူရေးခြံအတွင်း နှစ်တိုနှစ်ရှည် စားပင်သီးပင်များ စိုက်ပျိုးရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ထို့နောက် ရွှေမြို့မွေးမြူရေးဇုန်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဇီဝလုံခြုံမှု အဆင့် (၂) ရောဂါရှာဖွေရေးဓာတ်ခွဲခန်း၊ ခွာနာလျှာနာဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူရေး ဆောင်ရွက်ခြင်း စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာကြားပြီး မွေးမြူရေးသုတေသန ဦးစီးဌာနမှ သုတေသနပြုမည့် ဒေသနွားမျိုး ပြာစိမ်းကို အသားစားနွားမျိုးများဖြင့် မျိုးမြှင့်သားစပ် သုတေသနပြု ဆောင်ရွက်နေမှုနှင့် ရွှေမြို့မွေးမြူရေးဇုန်၌ မြေသား ရေလှောင်တမံ တည်ဆောက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရေဆင်းငါးစခန်းသို့ ရောက်ရှိပြီး ငါးမျိုးသားဖောက်ခြင်း၊ ဒေသတွင်း ငါးမျိုးများ ဖြန့်ဖြူးခြင်း၊ ငါးမွေးတောင်သူများအား ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် သင်တန်းပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ အသားတိုးငါး၊ ငါးရှဥ့်နှင့် စားဖားမွေးမြူထားရှိမှု၊ ရွှေဝါငါးကြင်း ဆေးထိုးသားဖောက် မွေးမြူထားရှိမှုတို့ကို ကြည့်ရှု၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်