နေပြည်တော် စက်တင်ဘာ ၁၆

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တွံတေးမြို့၊ ငါးလုပ်ငန်းစခန်း၏ ငါးသားဖောက်ခြင်း၊ ငါးသားပေါက် ဖြန့်ဖြူးခြင်းနှင့် ‌ငါးမွေးမြူရေး တောင်သူများ သင်တန်းပေးခြင်း လုပ်ငန်းဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

တွံတေးမြို့၊ ငါးလုပ်ငန်းစခန်း ၌ ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ငါးခေါင်းပွနှင့် ငါးတန် မျိုးငါးများ မွေးမြူထားရှိပြီး ငါးမွေးမြူရေးတောင်သူများအတွက် ရှင်သန်ကြီးထွားရန် သေချာသည့် ငါးသားပေါက်များ အသုံးပြုမွေးမြူနိုင်ကြရန် ၂ လက်မအရွယ် ငါးသားပေါက်များ ထုတ်လုပ်ပေးလျက်ရှိသကဲ့သို့ ငါးမွေးမြူရေးတောင်သူများ စနစ်တကျ လေ့လာနိုင်မည့် ငါးမွေးမြူရေးနည်း ပညာသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းစခန်းအတွင်း တည်ဆောက်ဖွင့်လှစ် ထားသည့် မူလတန်းကျောင်းဆောင် သစ်ဆောက်လုပ်ပြီးစီးမှုနှင့် ငါးမွေးတောင်သူ ဦးမိုးအောင် ၏ ငါးမွေးမြူရေးလုပ်ငန်းတွင် ငါးသားဖောက်ခြင်းကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ငါးသိပ္ပံ(တွံတေး)သို့ ရောက်ရှိပြီး အသစ် ဆောက်လုပ်သည့် သင်တန်းသား ထမင်းစားဆောင် ၊ နှစ်ထပ်အိပ်ဆောင် ဆောက်လုပ် ပြီးစီးမှုနှင့် ငါးသိပ္ပံသင်တန်းတွင် တက်ရောက်သင်ယူလျက်ရှိကြသည့် သင်တန်းသား သင်တန်းသူများ၏ သင်ကြားသင်ယူမှု၊ စားသောက်ရေး၊ ကျန်းမားရေး၊ အေးချမ်းစွာ ပညာသင်ကြားရေး ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ငါးသိပ္ပံသင်တန်းကျောင်း ပထမနှစ်သင်တန်းသား သင်တန်းသူများကိုတွေ့ဆုံ၍ လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှု အရည်အသွေးမြင့်မားစွာ ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းတွင် ကြိုးစားလေ့လာသွားကြရန် အားပေးစကား ပြောကြားပြီး သင်တန်းသား သင်တန်းသူများ ကို အားကစားပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ် ကြို့ကုန်းရှိ မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် သီရိအဏ္ဏဝါခန်းမတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှု ဆောင်များ၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်များ၊ ရေထွက်ပစ္စည်းထုတ်လုပ်တင်ပို့ ရောင်းချသူများနှင့် တွေ့ဆုံ၍ ငါးလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဌာနနှင့်ပုဂ္ဂလိကတိုး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ရေးအတွက် ကုန်သွယ်ဖက်နိုင်ငံ အစိုးရချင်းချင်း (G to G)ချိတ်ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မြစ်နှစ်သွယ် (Two River) အအေးခန်းစက်ရုံနှင့် ရတနာသိင်္ဂီ အအေးခန်းစက်ရုံတို့တွင် ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်