နေပြည်တော်၊ အောက်တိုဘာ ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ နို့စားနွားမွေးမြူရေး သရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ (နေပြည်တော်)သို့ ရောက်ရှိစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးစဉ် အစာကျွေးမွေးမှု၊ အာဟာရပြည်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို ပညာပေးဆောင်ရွက်ကြရန်၊ မျိုးမြင့်နို့စားနွားများ တိုးပွားလာ စေရေးအတွက် မျိုးကောင်းမျိုးသန့်နို့စားနွားမျိုးများ ဖြန့်ဖြူးနိုင်ရေးနှင့် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုး တိုးတက်ရန်အတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူဆောင်ရွက်ခြင်း စီမံချက်များ အကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားသည်။

 

ဆက်လက်၍ ပျဉ်းမနားမြို့ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးဆေးရုံသို့ ရောက်ရှိရာ ဆေးရုံတာဝန်ခံက ဆေးခန်းဆိုင်ရာပညာရပ်များသင်တန်း ဖွင့်လှစ်မှု၊ အိမ်မွေးတိရစ္ဆာန်များ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အရေပြားရောဂါများ စစ်ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ သွေး၊ ဆီး၊ ဝမ်း ဓာတ်ခွဲစစ်ဆေးမှု များပြုလုပ်ပေးခြင်းနှင့် အခြားသောကျန်းမာရေး ၀န်ဆောင်မှုများဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရာသီကူးပြောင်း ကာလများ တွင် ဖြစ်ပေါ်တတ်သည့် ကူးစက်ရောဂါများကို ကာကွယ်ဆေး ထိုးခြင်းဖြင့် ရောဂါ ဖြစ်ပွားမှု လျော့ချနိုင်ရေး၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ကူးစက်ရေ ဂါများကို မျက်ခြေမပြတ် စောင့်ကြည့် ကာကွယ်ရန် လိုအပ်ချက်များကို မှာကြားပြီး လေ့ကျင့်သင်ကြားရေး ဆေးရုံအတွင်း ကြည့်ရှုစစ်ဆေး သည်။

 

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး ရုံးတွင်း/ရုံးပြင် သန့်ရှင်းရေး၊ စိမ်းလန်းစိုပြေရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)