နေပြည်တော်၊ ဇန်နဝါရီ ၂၁
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၃၁) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့က အမှာစကား ပြောကြားကြပြီး နိုင်ငံတော်အနေဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ကာ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်သာမက ပြည်ပသို့ တင်ပို့နိုင်သည်အထိ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်၊ စိုက်ပျိုးသည်မှ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းကြရန်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် နေကြာသီးနှံ စိုက်ပျိုးမှုအပေါ် ချေးငွေများ ထုတ်ပေးခြင်း၊ နည်းပညာ၊ သွင်းအားစုကဲ့သို့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် ဆီထွက်သီးနှံကုန်ကြမ်း တိုးတက် ထုတ်လုပ်နိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဆီစက်များ၏ အရည်အသွေး မြှင့်တင်နိုင်ရေးနှင့် အသစ်တည်ဆောက်ရေးတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ရန်ပုံငွေထူထောင် ဆောင်ရွက်လျက်ရှိနေမှု၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် အကျိုးတူ စိုက်ပျိုးထုတ်လုပ်သည့် Contract Faming စနစ်ကို အောင်မြင်စွာ ဆောင်ရွက်ခြင်းဖြင့် လိုအပ်သော ကုန်ကြမ်းများ အလုံအလောက် ရရှိနိုင်မှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးသည် တောင်ဒဂုံစက်မှုဇုန်ရှိ May Yu Marine products Co.,Ltd ၌ ပြုပြင်အေးခဲ ရေချိုငါး ပုစွန်နှင့် ရေငံငါး ပုစွန်များကို UK, USA, UAE အပါအဝင် နိုင်ငံပေါင်း(၂၀)သို့ တင်ပို့ရန် ပြုပြင်ထုပ်ပိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး အစားအစာဘေးကင်းလုံခြုံရေး၊ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ကျွမ်းကျင်စက်ရုံလုပ်သားများ လေ့ကျင့်သင်တန်းပေးခြင်း၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်သည့် သင်တန်းများအား တက်ရောက်စေခြင်းနှင့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ပြည်တွင်း၊ ပြည်ပနိုင်ငံများသို့ ပြန်လည်ဖြန့်ချိမည့် ကုန်ချောများအား နဝလီ လက်ခံဆောင်ရွက်လျက်ရှိသည့် တောင်ဒဂုံစက်မှုဇုန်၊ Golden Flower Cold Storage အအေးခန်းစက်ရုံနှင့် ဒဂုံ (အရှေ့) မြို့နယ်ရှိ C.K Frozen Foods Yangon Co.,Ltd အအေးခန်းစက်ရုံတို့၌ ရေချိုငါးနှင့် ပုဇွန်များကို အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် နိုင်ငံပေါင်း (၁၅) နိုင်ငံသို့ တင်ပို့ရန် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်