နေပြည်တော် ဇွန် ၁၉
ရှမ်းပြည်နယ်၏ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်ရေးအတွက် လိုအပ်ချက်များ ဆွေးနွေးဖော်ထုတ်နိုင်ရန်နှင့် ဌာန၊ တောင်သူနှင့် ပုဂ္ဂလိက ကဏ္ဍများအလိုက် လိုအပ် ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန် ပဲပုပ်စိုက်တောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့က တောင်ကြီးမြို့နယ်ရှိ ရှမ်းပြည်နယ်စိုက်ပျိုးရေးဉီးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုပြုလုပ်သည်။
တွေ့ဆုံပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ရှမ်းပြည်နယ်၏ ရေမြေရာသီဥတုတွင် အောင်မြင်ဖြစ်ထွန်းသည့် ဆီထွက်ပဲပုပ်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဝန်ကြီးဌာနက နည်းပညာနှင့်အကူအညီ များ ဆောင်ရွက်ပေးသွားမည့် အစီအမံများနှင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးလာရေး အားပေး နေမှု၊ ပဲပုပ်သီးနှံကို စားသုံးဆီထုတ်လုပ်ပြီး ထွက်ရှိလာသည့် ကြိတ်ဖတ်ကို မွေးမြူရေး တိရစ္ဆာန်အစာအဖြစ် ရောင်းချနိုင်သဖြင့် တောင်သူ့အတွက် သီးနှံတစ်မျိုးတည်းမှ ဝင်ငွေ (၂)ခုရရှိမည်ဖြစ်သကဲ့သို့ ပြည်ပသွင်းကုန် တိရစ္ဆာန်အစာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ကြောင် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများ၏ တင်ပြချက်များကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ပဲပုပ်မျိုးစေ့နှင့် အစေ့ချကိရိယာများ ကို တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဟဲဟိုး စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ သင်ကြားသင်ယူရေး ဆိုင်ရာများကို မေးမြန်းဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ သို့ရောက်ရှိပြီး ကော်ဖီစိုက် တောင်သူများနှင့်တွေ့ဆုံ၍ ကော်ဖီစိုက် တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးပြီး ကော်ဖီစိုက်တောင်သူများကို ကော်ဖီပျိုးပင်များ၊ သွင်းအားစုများနှင့် မျိုးစေ့ချ ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


