နေပြည်တော်၊ ဧပြီ ၂၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့တွင် ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာ တောင်သူများ နှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးအသုံးပြုရန် ပိုက်ဆံလျှော်မျိုးစေ့များကို ပေးအပ်ကာ တောင်သူများနှင့်အတူ ပိုက်ဆံလျှော်မျိုးစေ့များ ကြဲပက်စိုက်ပျိုးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်း သင်တန်းကျောင်း သို့ရောက်ရှိပြီး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့် သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှုနှင့်  ငါးလုပ်ငန်းဆိုင်ရာ နည်းပညာပေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ငါး ပုစွန် မွေးမြူရေး ဆိုင်ရာ ခေတ်မီနည်းပညာ အသိပညာများ တိုးချဲ့ဖြန့်ဝေရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိပဲ ရေသယံဇာတများ ထုတ်လုပ်နိုင်စေရေး စီမံဆောင်ရွက်ရန်လိုအပ်ချက်များကို မှာကြားသည်။

 

ယင်းနောက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးနှင့် ခရိုင် အဆင့် တာဝန်ရှိသူများအား ဝန်ဇင်းဧည့်ရိပ်သာ၌ တွေ့ဆုံ၍ ရေအရင်းအမြစ်အသုံးချမှု စနစ်မှန်ကန်ရေး၊ သဘာဝဘေး ကြိုတင်ကာကွယ်တားဆီးရေးနှင့် တာတမံများဥပဒေဆိုင်ရာ အသိပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားသည်။    

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျိုက်လတ်မြို့ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၅) စက်ပြင်အလုပ်ရုံကို ကြည့်ရှုစစ်ဆေးပြီး လယ်ယာသုံး စက်ကိရိယာများကို တောင်သူများ ကိုယ်တိုင် ကျွမ်းကျင်စွာ မောင်းနှင်အသုံးပြုနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာ ပြုပြင်မွန်းမံမှု သင်တန်းများ နှင့် စက်စွမ်းအားပြည့် အသုံးပြုနိုင်မည့် နည်းပညာဖြန့်ဝေရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် ဆူးကနန်းကျေးရွာအုပ်စု၊ တောင်သူဉီးကျော်လှိုင်၏ သီးထပ်ရင်နွေစပါး မျိုးစေ့ထုတ် စံပြကွက် (၁၅) ဧက ရိတ်သိမ်းမှုကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ကျိုက်လတ်မြို့၊ ‌ရွှေဝါလတ်ခန်းမတွင် အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ ဆရာ ဆရာမကြီးများ ရပ်မိ၊ ရပ်ဖများ လူမှုရေးအသင်းအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ကျောင်းဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် အလှူငွေများနှင့် စာကြည့်တိုက်များအတွက်၊ သုတ/ရသ စာအုပ်များကို ပေးအပ်လှူဒါန်းသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တွံတေးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံဖြိုးရေး နှင့် သုတေသနဌာနခွဲ၊ ငါးသိပ္ပံသင်တန်းကျောင်းသို့ ရောက်ရှိကြပြီး ရေသတ္တဝါ မွေးမြူရေး စီမံခန့်ခွဲမှုသင်တန်းနှင့် ဒီပလိုမာသင်တန်း ဖွင့်လှစ်ထားရှိမှု အခြေအနေများ ကိုကြည့်ရှု စစ်ဆေးပြီး ငါးပုစွန်မွေးမြူ ထုတ်လုပ်မှု အခြေခံသည့် အသက်မွေးဝမ်းကျောင်း ပညာရပ် ကျွမ်းကျင်သူများ တိုးပွားရေး၊ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်