စစ်တွေ ဇူလိုင် ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့နယ် ရေချမ်းပြင်ရေငန် ပုစွန်မွေးမြူရေး ဗဟိုသရုပ်ပြစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ရေချမ်းပြင်ရေငန် ပုစွန်မွေးမြူရေး ဗဟိုသရုပ်ပြစခန်း တာဝန်ခံက ဆိုင်က လုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် စခန်းအတွင်း အဆောက်အဦများပျက်စီးခဲ့မှု၊ ယာယီအမိုး အကာများတည်ဆောက်ပြီ လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေမှု၊ ရေငန်ပုစွန်မွေးမြူရေး ဗဟိုသရုပ်ပြ စခန်းတွင် ရေငန်ပုစွန်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနည်းပညာ၊ နည်းစနစ်များနှင့် သားဖောက်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေငန်ပုစွန်မွေးမြူရေးရာသီအမီ သားပေါက်များ အမြန်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမျိုးသန့်ခြံသို့ရောက်ရှိကြရာ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အုန်းသီးနှံတိုးချဲ့စိုက်ပျိုးမည့် အစီအစဉ် နှင့် အုန်းသီးစုဆောင်းထားရှိမှု၊ ပျိုးထောင်ထားရှိမှု ၊ မျိုးစေ့သန့်စင်စက်ပြန်လည်တည်ဆောက်နေမှုနှင့် အထွက်နှုန်းကောင်းပြီး ဒေသနှင့်ကိုက်ညီသည့် မျိုးစပါးများ ပျိုးထောင်ထားရှိမှုတို့ကို ရှင်းလင်းပြသသည်။
ထို့နောက် ဒုတိယဝန်ကြီးက မုန်တိုင်းဒဏ်ခံအဆောက်အဦများ အမြန်ပြန်လည်တည်ဆောက်ရေး ဆောက်လုပ်ရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
စစ်တွေမျိုးသန့်ခြံတွင် အုန်းသီနှံ ၅၅၀၁ လုံးပျိုးထောင်ထားရှိပြီး ရခိုင်ပြည်နယ် တစ်ခုလုံးအနေဖြင့် အုန်းပင် ၃၄၆၀၀ ပျိုးထောင်ထားရှိလျက်ရှိသည်။အလားတူ မျိုးသန့်ခြံတွင် ဒေသနှင့်သင့်တော်မည့် ဆားငန်ဒဏ်ခံဆင်းသွယ်လတ်၊ ရွှေအာဆီယံ၊ ပြည်မြန်မာစိန်၊ ဆားငန်ခံ -၅၊ ဆားငန်ခံ - ၆၊ ဧရာမောင်၊ ရွှေပြည်မင်း၊ ရွှေပြည်ဝင်း၊ (YSTR-12) နှင့် (GW-11) စပါးများကို စမ်းသပ်ရှာဖွေပျိုးထောင် စိုက်ပျိုးထားရှိလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်