ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တပ်ကုန်းမြို့နယ် ပေတောကျေးရွာရှိ ပေတော ဥစားကြက်မွေးမြူရေးခြံနှင့် ရွှေမြို့မွေးမြူရေးဇုန်များ သွားရောက်ကြည့်ရှုစစ်ဆေး 

နေပြည်တော် ဧပြီ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ပေတောကျေးရွာရှိ ပေတော ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။  
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လုပ်ကွက်ငယ် မွေးမြူရေးတောင်သူများအား အစာကျွေးမွေးမှု၊ အာဟာရပြည့်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများဆိုင်ရာ နည်းပညာပေးခြင်း၊ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်းတို့ကို အလေးထား ဆောင်ရွက်ပေးရန်၊ ဈေးကွက်ဖော်ဆောင်နိုင်စေရန်နှင့် ရှိပြီးစျေးကွက် ခိုင်မာရေးကို ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ပေတောကျေးရွာတွင် ဝန်ကြီးဌာန၊ C.P Co.,Ltdနှင့် ကျေးရွာနေပြည်သူများပူးပေါင်း၍ မွေးမြူရေးလုပ်ငန်းအခြေခံ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ရေးနှင့် မိသားစု ဝင်ငွေတိုးပွားစေရေးအတွက် အလုံပိတ် အအေးပေးစနစ်မွေးမြူရေး ခြံသုံးခြံတွင် ဥစားကြက် ကောင်ရေ (၇၅၀၀၀) မွေးမြူထားရှိပြီး တစ်နှစ်လျှင် ကြက်ဥ (၂၂) သန်းကျော် ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိကာ ခေတ်မီမွေးမြူရေး နည်းပညာများ အသုံးပြုဆောင်ရွက်လျက်ရှိ၍ ဇီဝလုံခြုံ‌ရေး လုပ်ငန်းများဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

mdn


ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွေးမြူရေးသုတေသနဦးစီးဌာန သုတေသီများက သုတေသနပြု ဆောင်ရွက်လျက်ရှိသည့် ဒေသနွားမျိုး ပြာစိမ်းကို အသားစားနွားမျိုးများဖြင့် မျိုးမြှင့်သားစပ် သုတေသနလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သုတေသန မှတ်တမ်းများ စနစ်တစ်ကျ ထားရှိရေးနှင့် သုတေသနရလာဒ်ကောင်းများ ဖော်ထုတ်နိုင်ရေး အတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်သော သုတေသီများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားသည်။ 
ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေမြို့မွေးမြူရေးဇုန်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ဥဖောက်စက်၊ ဥဝပ်စက်များ တပ်ဆင်ပြီးစီးမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဥစားဘဲမွေးမြူရေး၊ ဆိတ်၊ နို့စားနွား၊ ဝက်မွေးမြူရေး၊ ဥစားကြက်၊ အသားစားကြက်နှင့် ဘဲမွေးမြူရေး လုပ်ငန်းများကို ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP- ဂျီအေအိပ်ပီ) နှင့်အညီ မွေးမြူထုတ်လုပ်မှု အားကောင်းလာစေရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းကူညီ ပေးနိုင်ရေး တိုးမြှင့်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းဝေးခန်းမ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ် ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများနှင့် တွေ့ဆုံ၍ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အားပေးကူညီထောက်ပံ့ ပေးနေမှုနှင့် ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများ၊ ဖြည့်ဆည်းပေးသွားမည့် အခြေအနေနှင့် မွေးမြူရေးအခြေခံ အသေးစားအငယ်စားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးမှုအလားအလာများကို ဆွေးနွေးကြပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မွေးမြူရေးတောင်သူများ၏ မေးမြန်းမှုများကို ဖြေကြားဆွေးနွေး ကြသည်။ 
ပျဉ်းမနားခရိုင်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် အဆိုပြုတင်ပြထားရှိသည့် နို့စားနွား၊ အသားတိုးနွား၊ သိုး၊ ဆိတ်နှင့် ဥစား ကြက်မွေးမြူရေးလုပ်ငန်းများအတွက် စုစုပေါင်း (၁၅ ဒသမ ၂၅၅) ဘီလီယံကို သက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီက စနစ်တကျစိစစ်၍ ယခုလအတွင်း စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်