နေပြည်တော် ဩဂုတ် ၁၃
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာသီတာလှနှင့် တာဝန်ရှိသူများနှင့်အတူ သြဂုတ် (၁၁) ရက်တွင် ရန်ကုန်မြို့၊ ဗဟို ဆေးသိုလှောင်ရေးဌာနသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါခံစားနေရသော လူနာများအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ Multivitamin tablets နှင့် Paracetamol tablets များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများသို့ ခွဲဝေဖြန့်ဖြူးနေမှုကို ကြီးကြပ်ကြည့်ရှုသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့၊ ကိုဗစ်-၁၉ ကုသရေးဌာန(မရမ်းကုန်း)တွင် တာဝန်ရှိသူ များနှင့်တွေ့ဆုံကာ ကုသမှုခံယူနေသော ကိုဗစ်လူနာများအတွက် Paracetamol tablets အလုံး (၃၀,၀၀၀)နှင့် Multivitamins tablets အလုံး(၃၀,၀၀၀)ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့၊ ကိုဗစ်-၁၉ကုသရေးဌာန(MCC) သို့ သွားရောက်ခဲ့ပြီး အဆိုပါ ကိုဗစ်-၁၉ကုသရေးဌာနတွင် ကုသမှုခံယူနေသော ကိုဗစ်လူနာများအတွက် Paracetamol tablets အလုံး (၁၀,၀၀၀)နှင့် Multivitamins tablets အလုံး(၁၀,၀၀၀)ကို ပေးအပ်သည်။
အဆိုပါဆေးဝါး(၂)မျိုးကို သြဂုတ် (၁၀) ရက်နှင့် (၁၁) ရက်တို့တွင် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးသို့ Myan Express ဖြင့် ဖြန့်ဖြူးပေးခဲ့ရာ စုစုပေါင်း Paracetamol tablets ၆ ဒသမ ၅ သန်းနှင့် Multivitamins tablets ၁၀ သန်းကို ဖြန့်ဖြူးပေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါခံစားနေရသောလူနာများကို အဓိက ထောက်ပံ့ပေးရန် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


