‌ရန်ကုန် ဇန်နဝါရီ ၁၁

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ပညာရေး စုံညီပွဲတော်ကျင်းပရေး စီစဉ်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင် က အခမ်းအနား အစီအစဉ်များနှင့် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ပံ့ပိုးမှုဖြင့် ကျင်းပမည့် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ခမ်းနားထယ်ဝါစွာ ကျင်းပ နိုင်ရေး၊ ပညာပေးပြခန်းများကို ပြည့်စုံစွာခင်းကျင်းပြသရှင်းလင်းနိုင်ရေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ခရိုင်၊ မြို့နယ်အလိုက်ပြသမည့် ပညာရေးပြခန်းများ၊ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းပြခန်းများ၊ စာအုပ်အရောင်းပြခန်းများပြင်ဆင် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။

ပညာရေးစုံညီပွဲတော်တွင် ခရိုင်၊ မြို့နယ်အလိုက် ပညာရေးပြခန်းများ ခင်းကျင်းပြသမည် ဖြစ်ရာ ပန်းဆယ်မျိုးနှင့် ကျောင်းကျန်းမာရေးပြခန်း၊ မူးယစ်ဆေးဝါးအသိပညာပေးပြခန်း၊ ICT Project ပြခန်း၊ ပန်းချီ၊ ပန်းပုပြခန်း၊ အိမ်တွင်းမှုလက်မှုပညာပြခန်း၊ ဘာသာရပ်ဆိုင်ရာသင် ထောက်ကူပစ္စည်းများပြခန်း၊ စက်မှုအထူးပြုပြခန်း၊ မွေးမြူရေးအထူးပြုပြခန်း၊ ကျောင်းကျန်းမာရေး၊ အနုပညာ(ဂီတ)၊ ကျောင်းစာကြည့်တိုက်ပြခန်း၊ ရေအားလျှပ်စစ်၊ မြန်မာစာ၊ ဒြပ်နှောခွဲထုတ် ခြင်းပြခန်း၊ အိမ်တွင်းလက်မှုလုပ်ငန်း၊ သိပ္ပံလက်တွေ့ခန်း၊ ကျောင်းပြင်ပ ပညာရေးပြခန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပြခန်း၊ ဒေသထွက်လုပ်ငန်းပြခန်းနှင့် ပညာတန်ဆောင်ပြခန်းများပါဝင်ပြီး စုစုပေါင်း(၃၈)ခန်း ပါ၀င်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်