နေပြည်တော် စက်တင်ဘာ ၁၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် သည် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်၊ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်နှင့် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ပြီး တက္ကသိုလ်မုခ်ဦးကို ခန့်ညားထည်ဝါလှပစေရေးနှင့် မုခ်ဦးအနီးပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်ကြရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်အဝင် အဓိပတိ လမ်းမတစ်လျှောက်နှင့် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သော တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင် ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဘွဲ့နှင်းသဘင်အခမ်းအနားမတိုင်မီ အချိန်မီပြီးစီးနိုင်ရေး တွန်းအားပေး ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် တက္ကသိုလ်စာကြည့်တိုက်၊ တက္ကသိုလ်စာသင်ဆောင်များနှင့် ကျောင်းသားအိပ်ဆောင် များအတွင်း လှည့်လည်ကြည့်ရှုကြကာ ပြတင်းတံခါးများခိုင်ခန့်မှုရှိစေရေး၊ စာသင်ခုံများသန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ စာသင်ဆောင်များနှင့် ကျောင်းသားဆောင်များ အနီးပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့ကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် စစ်တွေမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတွဲဖက်အထက်ကျောင်းနှင့် အမှတ်(၈)အခြေခံပညာမူလတန်းကျောင်း(အနောက်စံပြ) ပြန်လည်ပြုပြင် ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
သတင်းစဉ်