ရန်ကုန် ဩဂုတ် ၂၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် သည် ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ် (လှိုင်နယ်မြေ) ပတ္တမြားဆောင်ရှိ စီးပွားရေးစီမံခန့်ခွဲမှု ပညာဌာန၌ ကျင်းပသော အကြိမ်၂၀မြောက် အမှုဆောင်အရာရှိများအဆင့် စီးပွါးရေးစီမံခန့်ခွဲမှု ပညာမဟာဘွဲ့(EMBA 20th Batch) အွန်လိုင်းသင်တန်း၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေး ကဏ္ဍမှ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရကြောင်း၊ နိုင်ငံ‌တော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ နည်းပညာရှင်များ၊ ကျွမ်းကျင်သူများ ဖြည့်ဆည်းပေးရန်နှင့် ပညာရေးဝန်ကြီးဌာနမှ အသိပညာရှင်များ၊ တွေး‌ခေါ် မြော်မြင်သူများ၊ စီမံကိန်းရေးဆွဲသူများ မွေးထုတ်ပေးရန် လမ်းညွှန်မှာကြားထားကြောင်း၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ယခုဖွင့်လှစ်သော EMBA သင်တန်းသည် နိုင်ငံတော် အကြီးအကဲ၏လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်ဖြစ်စေ၊ လုပ်ငန်း၏ အရေးပါသောရာထူးတွင် တာဝန် ထမ်းဆောင်နေသူဖြစ်စေ အဓိကအရည်အသွေး ၄ ရပ် လိုအပ်ကြောင်း၊ စီးပွားရေး စီမံခန့်ခွဲမှုပညာ၊ စဉ်းစားတွေးခေါ်မှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ Skills များ၊ အင်္ဂလိပ်စာ တတ်ကျွမ်းမှုနှင့် အိုင်စီတီကျွမ်းကျင်မှု တို့ဖြစ်ကြောင်း၊ အဆိုပါ အရည်အသွေး ၄ ရပ်ကို အလုပ်ကြိုးစားမှု၊ အလုပ်အပေါ်သစ္စာရှိမှုဖြင့် ပေါင်းစပ်ဖြည့်ဆည်းပေးမည်ဆိုပါက ထူးချွန်ထက်မြက်အောင်မြင်သည့် စီးပွါးရေးလုပ်ငန်းရှင်များ၊ ထိပ်တန်းအရာရှိကြီးများ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ တစ်ဆက်တည်းဆိုရလျှင် အလုပ်အပေါ် သစ္စာရှိသကဲ့သို့ နိုင်ငံတော် အပေါ်သစ္စာရှိရန်နှင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်  တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ ပေးနိုင်သူများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သင်တန်းအလုပ်အမှုဆောင် အဖွဲ့ဝင်များက မိတ်ဆက်စကားပြောကြား၍ ဒုတိယဝန်ကြီးနှင့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဆရာ ဆရာမများနှင့် သင်တန်းသားသင်တန်းသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါ EMBA 20th Batch(Online) သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၉၇ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ၂နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စာကြည့်တိုက်နှင့် စာသင်ခန်းများ၏ စနစ်ကျသပ်ရပ်မှုကို ကြည့်ရှုစစ်ဆေးပြီး လှိုင်နယ်မြေ၊ ပါရမီလမ်းမပေါ်ရှိ ဘွဲ့လွန်အသုံးချ ဘူမိဗေဒဌာန၌ ကျောက်အမျိုးအစားများခွဲခြားသည့် စက်နှင့်စက်ပစ္စည်းများ၊ စာသင်ခန်းနှင့် စာကြည့်တိုက်၊ လှိုင်နယ်မြေရှိ သိပ္ပံပစ္စည်းအလုပ်ရုံ၌ အခြေခံပညာနှင့်အဆင့်မြင့်ပညာ ကျောင်းများအတွက် သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်