နေပြည်တော် မတ် ၁၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နှင့် မအူပင်မြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူများ ဘာသာစုံပြီးမြောက်သည် အထိ မပျက်မကွက် စာမေးပွဲဖြေဆိုရေးနှင့် စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်တက္ကသိုလ်သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ နေ့သင်တန်းစာမေးပွဲများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားကာ ဘာသာရပ်ဌာနများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် အစည်းအဝေးခန်း၌ တက္ကသိုလ်ဆရာ ဆရာမများနှင့် တွေ့ဆုံရာ စာမေးပွဲစည်းမျဉ်း စည်းကမ်းနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရေး၊ စစ်ဆေးအကဲဖြတ်ရေးနှင့် ဆရာအရည်အသွေးမြှင့် သင်တန်းများ မပျက်မကွက် တက်ရောက်ရေး တိုက်တွန်းပြောကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ မအူပင်တက္ကသိုလ်ရှိ စာကြည့်တိုက်၊ အားကစားရုံ၊ အားကစားကွင်း၊ ကျောင်းသားနားနေဆောင်၊ အိပ်ဆောင်နှင့် ဓမ္မာရုံတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်