နေပြည်တော်  သြဂုတ် ၃၀

 

Naypyitaw State Academy တွင်ကျောင်းသားလူငယ်များ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်၊ ဗဟုသုတများ တိုးပွားစေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေဆိုင်ရာ ဒုတိယအကြိမ် အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် Naypyitaw State Academy၊ ဘက်စုံခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ယနေ့ကျောင်းသား လူငယ်များသည် အနာဂတ်၏ခေါင်းဆောင်လောင်းများ၊ မူဝါဒရေးဆွဲမည့်သူများ၊ ရွေးကောက်ပွဲ မဲဆန္ဒရှင်လောင်းများဖြစ်ကြသဖြင့် နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စု ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ပိုမိုသိရှိနားလည်စေရန် ယနေ့အသိပညာပေး ဟောပြော ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်အောင်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပါဝင်သည့် နိုင်ငံတော် အခြေခံမူများထဲမှ သိသင့်သိထိုက်သည်များ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဖွဲ့စည်းမှုများ၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တာဝန်များကောက်နုတ်ချက်နှင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ သိသင့်သိထိုက် သည်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေတွင်ပါရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ခန့်အပ်တာဝန်ပေးခြင်း၊ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် ခန့်အပ်တာဝန်ပေးခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ တာဝန်၊ လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲ နှင့် ပထမအကြိမ်မဲပေးကြမည့် လူငယ်များ၏ အခန်းကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေး ဟောပြောရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနနနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ ဆရာ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)