ရန်ကုန် စက်တင်ဘာ ၁၁
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဝန်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု ကိုလည်းကောင်း၊ သာကေတမြို့ နယ် SKT International School ရှိ စာသင်ခန်းများ၊ စားသောက်ခန်းမ၊ စာကြည့်တိုက်၊ သိပ္ပံ ခန်း၊ အားကစားခန်း၊ Theatre ခန်းမတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည် များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယ၀န်ကြီးနှင့် တာ၀န်ရှိသူများသည် သင်္ဃန်းကျွန်းပညာရေးဒီဂရီ ကောလိပ်၊ ပညာနေခြည်ခန်းမ၌ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျောင်း အုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် လည်းကောင်း၊ ဗိုလ်တထောင် မြို့နယ်ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၌ အဆိုပါကောလိပ်မှ ဆရာ ဆရာမများနှင့် လည်းကောင်း တွေ့ဆုံ အမှာစကားပြောကြားသည်။
ထို့သို့ တွေ့ဆုံစဉ် ဒုတိယ၀န်ကြီးက သင်တန်းသား သင်တန်းသူများသည် ဆရာ ဆရာမများ ဖြစ်လာကြသည့်အခါ နေထိုင်ပြုမူပြောဆိုဆက်ဆံမှုတွင် ကျောင်းသား ကျောင်းသူများအတွက် စံနမူနာပြဖြစ်ရန်လိုအပ်ကြောင်း၊ ဥပဒေကို လေးစားလိုက်နာတတ်ပြီး စည်းကမ်းကောင်းမွန်သည့် အလေ့အကျင့် ကောင်းများရှိလာအောင် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့သင်ယူနေသည့် ဘာသာရပ်များကို တန်ဖိုးထားပြီး ထူးချွန်ထက်မြက်စေရန် ကြိုးစားသင်ယူကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
သတင်းစဉ်


