ရန်ကုန် စက်တင်ဘာ  ၁၂

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများ နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိပြီး ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ အင်္ဂလိပ်စာပါရဂူ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံ၍ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် အင်္ဂလိပ်စာသဒ္ဒါ (Grammar) စာအုပ် များ ပြုစုရေးနှင့် မီဒီယာများမှ ထုတ်လွှင့်သင်ကြားရေး ကိစ္စရပ်များကို ဆွေးနွေးသည်။

ထို့နောက် ဒုတိယ၀န်ကြီးသည် မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကား ဦးစီးဌာန မြန်မာစာအဖွဲ့ရုံး၌ မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ ဘာသာဗေဒပညာရှင် မြန်မာစာ ပါမောက္ခများ၊ အထောက်အကူပြု အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအောင်မြင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့ပြင် ဒုတိယ၀န်ကြီးသည် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့ သွားရောက်ပြီး  တက္ကသိုလ်၀င်းနှင့် ပရောဂျက် စာတမ်းများစာရင်း၊ ကျောင်းခေါ်ချိန် စာရင်းတို့ကို ကြည့်ရှု စစ်ဆေးကာ တက္ကသိုလ် သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်း သိမ်း ဆောင်ရွက်ရန်၊ နိုင်ငံအကျိုးပြု၊ MSME အကျိုးပြု သုတေသနများ ရွေးချယ်ဖော်ထုတ်ရန် မှာကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ ဒဂုံတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ် ဘောလုံးကွင်းများ၊ စားသောက်ဆိုင်များ၊ စာသင်ဆောင်များ၊ တက္ကသိုလ်၀င်းအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

ထို့နောက် ဒုတိယ၀န်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)သို့ သွားရောက်ပြီး ပါမောက္ခချုပ်၊ တာဝန်ရှိသူများ နှင့်တွေ့ဆုံကာ အေးချမ်းစွာ ပညာသင်ကြားရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်