နေပြည်တော်၊ အောက်တိုဘာ ၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် တောင်ငူပညာရေး ဒီဂရီကောလိပ်သို့ ရောက်ရှိပြီး စီမံအုပ်ချုပ်ဆောင်၊ မြတ်ပညာခန်းမ၊ နှစ်ထပ်စာသင်ဆောင်များ၊ နားနေကွင်း၊ ရေစက်နှင့်ရေစင်များ၊ ကျောင်းသား/ ကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာဆောင်၊ အားကစားကွင်း၊ အားကစားရုံနှင့် ကျောင်းသန့်ရှင်းသာယာမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ပညာရေးဒီဂရီကောလိပ် ကျောင်းသား/ ကျောင်းသူများ ယှဉ်ပြိုင် အနိုင်ရရှိရေးအတွက် စခန်းသွင်းလေ့ကျင့်နေမှုများကို ပံ့ပိုးအားပေးရေး၊ သောက်သုံးရေ မပြတ်အောင် ဆိုလာစနစ်ဖြင့်ရေတင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းမှု ဆောင်ရွက်ရေးကိစ္စရပ်များကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ငူတက္ကသိုလ်သို့ ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ပထမအသုတ် ကျောင်းသား/ ကျောင်းသူများ ၂၀၂၄ ပညာသင်နှစ်၊ သိပ္ပံဘာသာတွဲ အားလုံး အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ယင်းနောက် သင်ကြားရေးဆိုင်ရာ တာဝန်များ၊ စာမေးပွဲခန်းဆိုင်ရာ တာဝန်များ ခွဲဝေချထားမှု စာရင်းများကို ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ နိုင်ငံအတွက် အကျိုးရှိစေမည့် သုတေသနများ ဆောင်ရွက်ကြရန်မှာကြား၍ တက္ကသိုလ်အတွင်းရှိ ကျောင်းဆောင်များ၊ နားနေဆောင်များနှင့် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


