နေပြည်တော် ၂၀ နိုဝင်ဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် KOICA Myanmar Office တို့အကြား ပူးပေါင်းဆောင်ရွက်သည့် Central Backbone Expressway in Myanmar (Yangon – Mandalay Expressway and Yangon - Ngayokekaung Expressway) စီမံကိန်းမိတ်ဆက်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ရန်ကုန် - နေပြည်တော် - မန္တလေးအမြန်လမ်းနှင့် ရန်ကုန်- ပုသိမ် - ငရုတ်ကောင်း အမြန်လမ်း နှစ်ခုသည် နောင်အနာဂတ်တွင် မြန်မာပြည်၏ အဓိကကျောရိုး ဖြစ်လာမည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံမိတ်ဆက်ပွဲသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံလိုသူများအတွက် အထူးအခွင့်အရေးပင်ဖြစ်ပါကြောင်း။
ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) လုပ်ငန်းစဉ်၏ ကဏ္ဍအလိုက် စီမံချက်များနှင့် ကိုက်ညီပြီး Project Bank တွင်လည်း ထည့်သွင်းထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းအသစ်များကို ကျင့်သုံးနေပြီဖြစ်သောကြောင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးမှုလိုအပ်ချက်များရှိနေပြီး အစိုးရဘက်ဂျတ်ဖြင့် အကောင်အထည်ဖော်ရန် ကန့်သတ်ချက်များကြောင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပါဝင်လာရန် ဖိတ်ခေါ်ပါကြောင်း။
ယခု စီမံကိန်းကို ဖြစ်တန်စွမ်းလေ့လာမှု ပြုလုပ်ခဲ့သော Yooshin နှင့် Kyongdong Consultants မှ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များဖြင့် တင်ပြမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် စီမံကိန်းအကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်များ မေးမြန်းလိုပါက အမေး/အဖြေ ကဏ္ဍတွင် မေးမြန်းဆွေးနွေးနိုင်ပါကြောင်းနှင့် အကြံဉာဏ်များလည်း ပေးနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆောင်ဟွာက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် KOICA Myanmar Office မှ Chief Representative, Ms. Lee Youn Soo က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် KOICA Myanmar Office တို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် Central Backbone Expressway in Myanmar Project နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ရန်ကုန် - နေပြည်တော် - မန္တလေးအမြန်လမ်းနှင့် ရန်ကုန် - ပုသိမ် - ငရုတ်ကောင်း အမြန်လမ်းတို့သည် မြန်မာနိုင်ငံ၏ လမ်းကွန်ယက်များတွင် ချိတ်ဆက်ထားရှိမှု၊ စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းပြီးစီးပါက လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာမည့် အခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။
ယင်းနောက် ကိုရီးယားပညာရှင်က Yangon - Mandalay Expressway Project နှင့် ပတ်သက်၍ အဓိကအကြောင်းအရာပါ အချက်အလက်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးသည်။ ဆွေးနွေးချက်များအပေါ် အစည်းအဝေးသို့ တက်ရောက်လာသူများက သိရှိလိုသည်များ အကြံပြု ဆွေးနွေးမေးမြန်းရာ ပြန်လည်ဖြေကြားခဲ့ပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
စီမံကိန်းမိတ်ဆက်ပွဲ၏ အဓိက ရည်ရွယ်ချက်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ KOICA တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်မှုနှင့် ပို့ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး ဖြစ်သည်။ KOICA ၏ နည်းပညာအကူအညီနှင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ အဓိက ကျောရိုးလမ်းမကြီး နှစ်ခုဖြစ်သည့် ရန်ကုန် - မန္တလေးအမြန်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့် ရန်ကုန် - ပုသိမ် - ငရုတ်ကောင်း အမြန်လမ်းအသစ် ဖောက်လုပ်နိုင်ရေး ပဏာမ ဖြစ်တန်စွမ်း လေ့လာခြင်းကို ၂၀၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ လမ်း(၂)လမ်းသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော လမ်းကွန်ယက်တွင် ပါဝင်ကာ ရန်ကုန် - မန္တလေးအမြန်လမ်းသည် တောင်-မြောက် စီးပွားရေးစင်္ကြံလမ်းမကြီးဖြစ်ပြီး ရန်ကုန် - ပုသိမ် - ငရုတ်ကောင်းအမြန်လမ်းသည် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး၏ ဆက်လက်တိုးချဲ့မည့် လမ်းပိုင်းတွင် ပါဝင်သည်။ အဓိကကျသော အမြန်လမ်းများကို အကောင်အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လိုအပ်သော အခြေခံအဆောက်အဦများအတွက် သာမက ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းတွင်လည်း ဟန်ချက်ညီညီဖြင့် ဖွံ့ဖြိုးတိုးတက်မှုတွင် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


