နေပြည်တော် ၂၇ ဇွန်
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယမန်နေ့ညနေပိုင်းတွင် ပန်းတနော်-ရွှေလောင်း-ဝါးခယ်မ လမ်းပေါ်ရှိ ရွှေလောင်းတံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ ပင်မတံတားပေါ်တွင် တံတားဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်နှင့် တာဝန်ရှိသူများက တံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အား လိုက်လံကြည်ရှုစစ်ဆေးပြီး မိုးတွင်းကာလဖြစ်၍ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး သတိထားဆောင်ရွက်ကြရန် မှာကြားသည်။ ပေ (၁၉၀၀) အရှည်ရှိ ရွှေလောင်းတံတားသည် ယခင်ကြိုးဆိုင်းတံတားအဟောင်း၏ အပေါ်ထည်များအား ပြန်လည်ဖျက်သိမ်း၍ သံကူကွန်ကရစ်တံတား ရေလည်တိုင်(၂)တိုင် အသစ်စိုက်ထူပြီး Steel Box Girder များတပ်ဆင်၍ နှစ်လမ်းသွား သံကူကွန်ကရစ်ကြမ်းခင်းများအဖြစ် အဆင့်မြှင့် တင်ခြင်းဖြစ်ရာ ယခုနှစ် တံတားတစ်စင်းလုံး၏ (၈၆)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝါးခယ်မတံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားအထူးအဖွဲ့(၁၅)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲနိုင်ဦးက တံတားအဆင့်မြှင်တင်ခြင်းလုပ်ငန်း စီမံချက်နှင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တံတားလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဝါးခယ်မတံတားသည် ပေ (၃၀၂၀) အရှည်ရှိပြီး ယခင်ကြိုးဆိုင်းတံတား၏ အပေါ်ထည်များအား ပြန်လည်ဖျက်သိမ်း၍ သံကူကွန်ကရစ် ရေလည်တိုင်(၂)တိုင် အသစ်စိုက်ထူပြီး Steel Box Girder များတပ်ဆင်ကာ (၂)လမ်းသွား သံကူကွန်ကရစ် ကြမ်းခင်းများဆောင်ရွက်ပြီး အဆင့်မြှင့်တင်လျက်ရှိရာ ယခုအခါ တံတားတစ်စင်းလုံး၏ (၉၆)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးတို့သည် ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိခဲ့ရာ တံတားရှင်းလင်းဆောင်တွင် တံတားအထူးအဖွဲ့ (၁၆)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်သစ်သစ်အောင်က တံတားတည်ဆောက်ပြီးစီးမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက တံတားလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ကြိုးတင်းအားများ တိုင်းတာသည့် လုပ်ငန်းများ ဆောင်ရွက်ပြီး ရရှိလာသော Data များအား ဒုတိယဝန်ကြီး၊ တံတားဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆွေးနွေးဆုံးဖြတ်ပေးသည်။
ထို့အပြင် တံတားကြီးအား Periodic and Routine Maintenance လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်နှင့် လုံခြုံရေးအစီအစဉ်များကို ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် ညှိနှိုင်းဆုံးဖြတ်ပေးခဲ့ကြသည်။ ပုသိမ်တံတားအမှတ်(၂)သည် ပေ (၂၃၈၀) အရှည်နှင့် (၂၈)ပေ အကျယ်(၂)လမ်းသွား တံတားဖြစ်သည်။ တံတားကြီးပြီးစီးသွားပါက ပုသိမ်မြို့ပေါ်မှ ပြည်သူနှင့် စိန်ကုန်းဘက်ကမ်းမှ ပြည်သူများ အချိန်တိုအတွင်း ဖြတ်သန်းသွားလာနိုင်မှာဖြစ်သလို ပုသိမ်မြို့၏ တစ်ဘက်ကမ်း စိန်ကုန်းတွင်လည်း မြို့ပြအိမ်ရာများ ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


