နေပြည်တော် ၁၁ ဇူလိုင်
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးတို့သည် ရှမ်းပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားလုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ် လမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ယခု (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများဆောင်ရွက်မှုနှင့်ပတ်သက်၍ လုပ်ငန်း ပြီးစီးမှုအခြေအနေ ကိုဗစ်-၁၉ ကာလနှင့် ကြုံတွေ့ခဲ့ရသဖြင့် လုပ်ငန်းများ ဘဏ္ဍာနှစ်အတွင်း ပြီးစီးနိုင်မှုရှိ/ မရှိနှင့် မပြီးစီးနိုင်သော လုပ်ငန်းရှိပါက တင်ပြကြရန်ပြောကြားပြီး လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ဘဏ္ဍာငွေလျာထားမှုနှင့် လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ညွှန်ကြားရေးမှူးများက ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်သော လုပ်ငန်းများကို ဌာနအလိုက် တင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြည်နယ်ညွှန်ကြားရေးမှူးများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေးမည့် အစီအစဉ်များ တင်ပြကြသည်။
ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး က လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အနေဖြင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်၊ တာချီလိတ် မြို့ရှောင်လမ်း (၈) ကီလိုမီတာကို ဝန်ကြီးဌာနပိုင်အဖြစ် သိမ်းသွင်းပေးရေး၊ တာချီလိတ်မြို့ ရှောင်လမ်းအတွက် မြေယာလျော်ကြေးကိစ္စနှင့် တောင်ကြီး မြို့ရှောင်လမ်းအား ကျေးလက် လမ်းဦးစီးဌာနမှ ဆောင်ရွက်နေမှုကို လမ်းဉီးစီးဌာနပိုင်အဖြစ် လွှဲပြောင်းပေးရန်ကိစ္စများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဉီးစီးဌာနမှ ဆောင်ရွက် နေသော ရွှေညောင်-ထီရီး-လင်းကွန်း-နောင်ပနားဗွာ-ညိုမီး-နောင်ထလီ-လေးမိုင်ကွေ့လမ်း၊ ညိုမီးမှ လေးမိုင်ကွေ့အကြား (၁၂)ပေအကျယ် ကတ္တရာလမ်း (၄)မိုင်ခင်းခြင်း၊ သံကူကွန်ကရစ် တံတား(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းအား လမ်းတစ်လျှောက် မော်တော် ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကန်လောင်း-စခဲ ကျေးရွာချင်းဆက်လမ်းတွင် ယခုဘဏ္ဍာနှစ်၌ ကတ္တရာ(၂)မိုင် (၄)ဖာလုံခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
(သတင်းစဉ်)


