နေပြည်တော် ၁၁ ဖေဖော်ဝါရီ
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့တွင် ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိခဲ့ကြရာ တံတားရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေးတာဝန်ခံ ညွှန်ကြားရေးမှူး(မြို့ပြ)ဒေါ်သစ်သစ်အောင်က တံတားလုပ်ငန်း စီမံချက်နှင့် ပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက သံပေါင် တပ်ဆင်ခြင်းတွင် နည်းပညာဆိုင်ရာ Erection နည်းစနစ်နှင့်ပတ်သက်၍ ဆုံးဖြတ်အတည်ပြုသည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ချဉ်းကပ်တံတားပေါ်မှ သံပေါင်တပ်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သံပေါင်တပ်ဆင်နေသော ကျွမ်းကျင်လုပ်သားများနှင့်တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့သည်။
ပုသိမ်တံတားအမှတ်(၂)သည် အရှည် ပေ (၂၃၈၀) ရှိပြီး (၂၈)ပေအကျယ် (၂)လမ်းသွား တံတားဖြစ်ကာ တံတားအုတ်မြစ်မှာ Bored Pile အုတ်မြစ်နှင့် ကိုယ်ထည်မှာ သံကူ ကွန်ကရစ်ဖြစ်ပြီး အပေါ်ထည်မှာ သံမဏိသံပေါင်တံတား အမျိုးအစားဖြစ်သည်။ အဆိုပါ တံတားမှာ ၆၉ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး (၉)ထပ် တိုးချဲ့ ဆောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ အဆောက်အဉီဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်နှင့် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မင်းအေးတို့က အဆောက်အဦဆိုင်ရာ အချက်အလက်များနှင့် တည်ဆောက်ပြီးစီးမှုတို့အား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး အဆောက်အဦမှာ အထပ်မြင့် အဆောက်အဉီဖြစ်၍ မီးငြှိမ်းသတ်မှုစနစ်များ ပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက်သွားရန်၊ Client နှင့်အမြဲထိတွေ့ ညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတကာအဆင့်မီ ဆေးရုံဖြစ်အောင် ဆောင်ရွက်သွားကြရန် မှာကြားသည်။
အဆောက်အဦမှာ (၉)ထပ် ဖြစ်ပြီး Steel Structure အမျိုးအစားဖြစ်ကာ ယခုအခါ အဆောက်အဦ တစ်ခုလုံး၏ ၇ ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ဧရာဝတီတံတား(သရက်-အောင်လံ) တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိခဲ့ရာ တံတားရှင်းလင်းဆောင်တွင် တံတားအထူးအဖွဲ့(၃)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းလင်းမှ တံတားစီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းပြီးစီးမှုနှင့် ရန်ပုံငွေအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တံတားလုပ်ငန်းခွင်အားရှင်းလင်းဆောင်မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတံတား (သရက်-အောင်လံ) မှာအရှည် (၇၄၅၆) ပေနှင့် အကျယ် (၃၄)ပေရှိ (၂)လမ်းသွားတံတားဖြစ်ပြီး Bored Pile အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်နှင့် သံမဏိသံပေါင် ခုံးတံတားအမျိုးအစားဖြစ်ပြီး ယခုအခါ တံတားတစ်စင်းလုံး၏ ( ၅ ဒသမ ၃ ရာခိုင်နှုန်း) ပြီးစီးနေပြီး တံတားကြီးမှာ သရက်မြို့နှင့် အောင်လံမြို့တို့အား ဆက်သွယ်မည့် တံတားဖြစ်သော်လည်း နောင်တစ်ချိန်တွင် ဖောက်လုပ်ရန် ရည်ရွယ်ထားသောနေပြည်တော်-အောင်လံ-သရက်-မင်းတုန်း-ကျောက်ဖြူ လမ်းမကြီးပေါ်တွင် တည်ရှိနေ၍ အဓိကကျပြီး အရေးကြီးသော တံတားကြီး တစ်စင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်