နေပြည်တော် ၂၁ မတ်

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် - ပုသိမ် လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ မိုင် ၂၆ / ၅ ရှိ စီမံကိန်းလုပ်ငန်း ရှင်းလင်းဆောင်တွင် ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်က ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုအခြေအနေများ၊ လမ်းဘေး ဝဲ/ယာတွင် မိုးရာသီလမ်းသား တာဘောင်မြေပြိုကျမှုမရှိစေရေး ကြိုတင်ကာကွယ်ရန် လိုအပ်သောနေရာများ၌ Sheet Pile ဖြင့် မြေပြိုကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်မည့် စီမံချက်ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက Sub Grade လုပ်ငန်းများကို စက်ယန္တရားဖြင့် ဆောင်ရွက်ရာတွင် Layer by layer ခင်း၍ ရေဖြန်းပြီး စနစ်တကျခင်းကြိတ်ရန် မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ၄၉ ကီလိုမီတာနှင့် ၅၀ ကီလိုမီတာအကြားတွင် မိုးရာသီအတွင်း လမ်းတာဘောင် ရေတိုက်စားမှုကိုကာကွယ်ရေး Sheet Pile လုပ်ငန်းဆောင်ရွက်ရန်၊ Test Pile ရိုက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် Test Pile Result အား ကြည့်ရှုခဲ့ပြီး Sheet Pile ရိုက်ရမည့် Pile အနက်နှင့် ဆောင်ရွက်ရမည့် တာဘောင် အရှည်အား ဆုံးဖြတ်ပေးခဲ့သည်။ ထို့နောက် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာဉ်သွားလာမှု လုံခြုံချောမွေ့စေရေး၊ သတိထားဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ၁၀ ကီလိုမီတာရှိ ကွန်ကရစ်အရည်အသွေး ထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိပြီး Construction Material များကို ဓာတ်ခွဲစမ်းသပ်ထားမှုနှင့် Concrete Mould များကို Compressive Strength စမ်းသပ်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

 

ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသကြီး အပိုင်းမှာ (၅)မိုင်(၄)ဖာလုံမှ (၁၇)မိုင်(၄)ဖာလုံအထိ (၁၂)မိုင်အား (၄၈)ပေအကျယ် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ရာမှာ ၅၅ ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရှိရပြီး ဧရာဝတီတိုင်းဒေသကြီးအပိုင်းတွင် မိုင် ၁၇ / ၄– ၄၁ / ၄ အထိ (၂၄)မိုင် အား ပေ (၃၀) အကျယ် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းမှာ ၆၈ ရာခိုင်နှုန်း ပြီးစီးနေပြီး ရန်ကုန် - ပုသိမ်လမ်း (၅)မိုင် (၄)ဖာလုံမှ (၄၁)မိုင် (၄)ဖာလုံအထိ စုစုပေါင်း (၃၆)မိုင်အား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းကို မေလအကုန်အပြီး ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

 

သတင်းစဉ်