နေပြည်တော် ၆ ဧပြီ
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဧပြီ ၅ ရက်တွင် အိန္ဒိယနိုင်ငံ အကူအညီဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသော ယာကြီး-ကလေးဝ လမ်းစီမံကိန်းအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် မိုင်(၇၉/၀)ရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး အိန္ဒိယနိုင်ငံမှ ကန်ထရိုက်တာကုမ္ပဏီမှ တာဝန်ရှိသူများ၊ အင်ဂျင်နီယာ၊ လုပ်သားများနှင့် ကျောက်တန်းကျေးရွာမှ ရွာသူ/ရွာသားများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက လမ်းစီမံကိန်းကို လာရောက်လုပ်ကိုင်နေကြသော အိန္ဒိယနိုင်ငံသားများသည် ယခု ကိုဗစ်-၁၉ ရောဂါဖြစ်မှ ရောက်လာကြသူ များ မဟုတ်ကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်ခန့်၊ စီမံကိန်း စတင်ကတည်းက လာရောက်အလုပ်လုပ်နေသူများဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းရုံးကို အခြားသို့ ပြောင်းရွေ့ပေးရန် မဖြစ်နိုင်ကြောင်း၊ လွန်ခဲ့သော နှစ်ပတ်ခန့်က သေဆုံးခဲ့သော အိန္ဒိယနိုင်ငံသားမှာလည်း ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၏ ဓာတ်ခွဲခန်းစစ်ဆေးချက်နှင့် ဆေးစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါကြောင့် မဟုတ်ဘဲ နှလုံးရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ကောလာဟလသတင်းများကို မယုံကြည်ကြရန် ဖြစ်ကြောင်း။
ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကောလာဟလသတင်းများ ပြန့်နှံနေ၍ ယခုစီမံကိန်းကြီးကိုရပ်လိုက်ပါက ဆောင်ရွက်ဆဲ Culvert များ၊ တံတားများ၏ ရှောင်ကွင်းလမ်းများသည် မြေသားလမ်းဖြစ်၍ မိုးရွာသည်နှင့် လုံးဝသွား၍ မရတော့ဘဲ ဒေသခံများနှင့် ခရီးသွားများ လမ်းပန်းဆက်သွယ်မှုပြတ်တောက်ပြီး ဒုက္ခရောက်ကြရမည်ဖြစ်၍ Culvert များ၊ တံတားငယ်များအား အမြန်ဆုံး အပြီးတည်ဆောက်သွားရန် လိုကြောင်းနှင့် လမ်းစီမံကိန်းမှာလည်း ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြီး ရွာသူ/ရွာသားများနှင့် စီမံကိန်းတာဝန်ရှိသူများ၏ အခက်အခဲတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
ယင်းနောက် ယာကြီး-ကလေးဝလမ်း စီမံကိန်းတာဝန်ခံမှ လုပ်ငန်းလျာထားချက်နှင့် ပြီးစီးမှုအခြေအနေများ၊ အင်ဂျင်နီယာ နည်းပညာဆိုင်ရာများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အင်ဂျင်နီ ယာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ဆုံးဖြတ်ပေးခဲ့ပြီး ယာကြီး- ကလေးဝလမ်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော မင်းကင်း- မြို့မလမ်း နှင့် ဆက်နွယ်သော ချင်းတွင်းမြစ်ရိုး အနောက်ဖက်အထက်ပိုင်းရှိ ကမ်းပြည့်-ချောင်းဝ - ဆပ်စား-အူ - ယုံထောင်-အင်ကုန်းကြီး- ရွာဘ-တရာ ကျေးရွာခြင်းဆက်လမ်း မိုင် ၁၁ / ၆ တွင် စက်ယန္တရားများနှင့် မြေသားလမ်း ဖောက်လုပ်နေမှုအား ကြည့်ရှုပြီး လမ်း Alignment ကို အတည်ပြုပေးခဲ့သည်။
အဆိုပါ လမ်းမှာ(၂၁) မိုင် (၁)ဖာလုံရှိရာ(၄)မိုင် (၃)ဖာလုံမှာ ကွန်ကရစ်လမ်းဖြစ်ပြီး ကျန်အပိုင်းများမှာ နွေရာသီ ဆိုင်ကယ်လမ်းဖြစ်ကာ ယခုအခါမြေသားလမ်းအဖြစ် ဖောက်လုပ်နေခြင်းဖြစ်ပြီး ၁၀ မိုင် ၅ ဖာလုံအထိ ပြီးစီးပြီးဖြစ်၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း။ အဆိုပါ လမ်းမြေသားလမ်း ဖောက်လုပ်ပြီးပါက ကျေးရွာ (၁၂) ရွာ အိမ်ခြေ (၁၅၂၃) အိမ် ၊ လူဦးရေ (၇၂၉၄)ဦးကို အကျိုးပြုမည်ဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် မင်းကင်းမြို့ ပြည်သူ့ဆေးရုံတွင် အလှူငွေများ ပေးအပ်ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် လိုအပ်သော PPE ဝတ်စုံ (၁၂၀) ၊ Mask အခု (၃၀၀)၊ လက်အိတ်အစုံ(၃၀၀)၊ သာမိုမီတာ( ၆ )ချောင်း ၊ အရေးပေါ်အသက်ရှုစက် (၁)စုံ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


