နေပြည်တော်  ၁၀  ဖေဖော်ဝါရီ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်-ပုသိမ်လမ်း မိုင်တိုင် (၂၆/၅)ရှိ လမ်းလုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ လမ်းဉီးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဉီးရန်နိုင်ဇော်က ရန်ကုန်-ပုသိမ်လမ်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် စီစဉ်ထားမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး လမ်းဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မြင့်ဉီးက လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်း တင်ပြသည်။

 

ထို့နောက် လမ်းလုပ်ငန်းခွင် မိုင် (၃၁/၁)အနီး ပေ(၃၀)အကျယ်၊ ကွန်ကရစ်လမ်း အဆင့်မြှင့်တင် နေမှုအား ကြည့်ရှုစစ်ဆေးသည်။ ဧရာဝတီတိုင်းဒေသကြီး အပိုင်းတွင် မိုင် (၁၇/၄)မှ (၄၁/၄)အထိ (၂၄ မိုင်)အား ပေ(၃၀)အကျယ် လမ်းခင်းရန်ရှိရာ ယခုအခါ (၄၇ ရာခိုင်နှုန်း)ပြီးစီးနေကြောင်း သိရသည်။

 

5652

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအပိုင်း၊ မိုင် (၆/၁)ရှိ လုပ်ငန်းခွင်နှင့် လမ်းတစ်လျှောက် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်မှုအား ကြည့်ရှုစစ်ဆေးသည်။

 

ရန်ကုန်တိုင်းဒေသကြီး အပိုင်းတွင် မိုင် (၅/၄) မှ (၁၇/၄)အထိ (၁၂)မိုင်အား (၄၈)ပေ အကျယ် ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ရာတွင် (၃၂ ရာခိုင်နှုန်း) ပြီးစီးနေကြောင်း သိရှိရပြီး ရန်ကုန်-ပုသိမ်လမ်း မိုင် (၅/၄)မှ (၄၁/၄)အထိ (၃၆)မိုင် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းကို (၂၀၂၀)ခုနှစ်၊ မေလအကုန် အပြီးဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်-ရေလဲကလေး-ရွှေတောင်မှော်-မော်လမြိုင် ကျွန်းလမ်း မိုင် (၃/၁)အနီးတွင် Sheet Pile ဖြင့် မြေထိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ လမ်းပေါ်ရှိ စော်ကဲတံတား တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

စော်ကဲတံတားသည် အရှည်မီတာ (၇၅၀) နှင့် အကျယ် (၉ ဒသမ ၅)မီတာရှိ (၂)လမ်းသွား တံတားဖြစ်ပြီး တံတားအုတ်မြစ်မှာ သံကူကွန်ကရစ် ဘိုးပိုင် ၊ ကိုယ်ထည်မှာ သံကူကွန်ကရစ် တိုင်နှင့် အပေါ်ထည်မှာ သံမဏိသံပေါင် ခုံးတံတားအမျိုးအစားဖြစ်သည်။ တံတားကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ရာ ယခုအခါ (၆၀ ရာခိုင်နှုန်း)ပြီးစီးနေပြီး (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မလမ်း ပေါ်ရှိ ကျွန်းပြဿဒ် တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိပြီး ပြီးစီးမှု အခြေအနေအား လှည့်လှည်ကြည့်ရှုစစ်ဆေးသည်။ ကျွန်းပြဿဒ်တံတားသည် အရှည် (၇၂၀)မီတာနှင့် အကျယ် (၉ ဒသမ ၅) မီတာရှိ (၂)လမ်းသွားတံတားဖြစ်ပြီး တံတားအုတ်မြစ်မှာ သံကူကွန်ကရစ် ဘိုးပိုင်၊ ကိုယ်ထည်မှာ သံကူ ကွန်ကရစ်တိုင်နှင့် အပေါ်ထည်မှာ သံမဏိသံပေါင် ခုံးတံတားအမျိုး အစားဖြစ်သည်။ တံတားကို တံတားကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင် တည်ဆောက်ခဲ့ရာ ယခုအခါ (၅၀ ရာခိုင်နှုန်း) ပြီးစီးနေပြီး (၂၀၂၀)ခုနှစ် နိုဝင်ဘာလကုန်တွင် ပြီးစီးမည်ဟု သိရှိရသည်။

 

ထို့နောက် ဝါးခယ်မမြို့ရှိ ဝါးခယ်မမြစ်ကူးတံတားတည်ဆောက်ရေး လုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ဝါးခယ်မတံတားသည် ယခင်ကြိုး တံတားအဟောင်း ဖြစ်ပြီး ယခုအခါ တံတားအပေါ် ထည်ကြိုးဆိုင်းများအား ပြန်လည်ဖျက်သိမ်း၍ တံတားရေလည်တိုင် (၂)တိုင် အသစ်စိုက်ထူပြီး သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်နေခြင်းဖြစ်သည်။ တံတားအရှည် (၅၇၉ ဒသမ ၁၂) မီတာရှိပြီး အကျယ် (၇ ဒသမ ၃)မီတာ (၂)လမ်းသွား တံတား ဖြစ်ကာ ယခုအခါ တံတားအဆင့်မြှင့်တင်ခြင်း လုပ်ငန်းမှာ (၅၀ ရာခိုင်နှုန်း) ပြီးစီးနေကြောင်း သိရသည်။

 

 ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြ- ပုသိမ်လမ်း ပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်း မိုင်တိုင်အမှတ် (၁၁/၃) နှင့် (၁၁/၄)ကြားတွင် လမ်းအရည်အသွေး စစ်ဆေးနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်